
မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ လေးလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၂၅၀ ကျော် ၊ ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိကြောင်း နှင့် ချင်းပူးပေါင်းတပ်ဘက်မှ ၄၂ ဦး ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ (ICA )က သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၏ အချက်အလက်များအရဖြစ်သည်ဟု ICA က မတ်လ ၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သေဆုံးထိခိုက်မှု ဒေတာအချက်အလက်တွေကို ဒီတိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တာဝန် ရှိသူတွေရဲ့ အစီရင်ခံတာတွေက ယူပြီး တခြားအချက်လက်တွေကတော့ ကျွန်တော်တို့ မြေပြင်သတင်းကို အဓိကယူပြီး စိစစ်အတည် ပြုတာပါ” ဟု ICA သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးစံ က မဇ္ဈိမကိုပြောသည်။
ထိုကာလအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၅၀၀ ကျော်လုပ်ခဲ့ကြောင်း၊ ဒရုန်းနှင့် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စာသင်ကျောင်း ၊ ဘုရားကျောင်းနှင့် ဆေးရုံများအပါ အဆောက်အအုံ ၆၀ ကျော်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒီတခေါက် စစ်ကြောင်းထိုးတာ တော်တော်လေးထူးဆန်းတာက သူတို့စစချင်း ၂၀၂၅ အောက်တိုဘာလကနေ စထိုးကတည်းက နေအိမ်မီးရှို့တာသိပ်မရှိဘူး။ အခု ဖေဖော်ဝါရီ လကုန်ပိုင်းကနေပဲ နေအိမ်မီးရှို့တာနဲ့ အရပ်သားပြည်သူတွေကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်တာ ခပ်စိပ်စိပ်ဖြစ်လာတယ်” ဟု ဆလိုင်းဗန်ဆွီးစံ က ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ထိခိုက်သေဆုံးမှု များပြားလာခြင်း ၊ စစ်ကူနှင့် ရိက္ခာများ အချိန်မီ မရောက်ရှိခြင်းတို့ကြောင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ချင်းတပ်ဖွဲ့များက သုံးသပ်သည်။
ဖလမ်းမြို့ကို အင်အားများစွာအသုံးပြုပြီး လေကြောင်းမှ အဆမတန်တိုက်ခိုက်နေခြင်းသည် ပထဝီအရ မဟာဗျူဟာအရေးပါမှုနှင့် အုပ်ချုပ်ရေး ၊ စစ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် မြို့နယ်အတွင်းရှိ ဆူရ်းဘုန်လေဆိပ်ကို အသုံးပြုလို၍ ဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ များက ယုံကြည်ကြောင်း ICA ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“လေဆိပ်ကို လိုချင်တာက ချင်းပြည်မြောက်ပိုင်းအတွက် လိုအပ်တဲ့ရိက္ခာ၊ခဲယမ်းတွေကို လွယ်လင့်တကူ သယ်ဆောင်နိုင်ဖို့အတွက်ပေါ့နော်” ဟု ICA သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖလမ်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ပါက ချင်းပြည်မြောက်ပိုင်း နှင့်တောင်ပိုင်း ဆက်သွယ်ရေးလမ်းများသာမက အိန္ဒိယ – မြန်မာနယ်စပ်ဘက်အထိ စစ်ရေးအရ ဖြန့်ကြက်နိုင်သည့် အခွင့်အလမ်းများ ရရှိသွားနိုင်ကြောင်း သိရသည်။
တီးတိန်မြို့နယ်ရှိ ကျေးရွာ ကိုးရွာနှင့် ဖလမ်းမြို့နယ်မှ ကျေးရွာ ၂၇ ရွာမှ ဒေသခံ ၈၅ ရာခိုင်နှုန်းခန့်သည့် စစ်ဘေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကလေးသူငယ် ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အို စစ်ဘေးရှောင်များမှာ ကျန်းမာရေးထိခိုက်နေပြီး စားနပ်ရိက္ခာ ၊ အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရသည်။
စစ်ကော်မရှင်က လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL) ကို လေးစားလိုက်နာမှုမရှိသည့်ကို ညွှန်းပြနေကြောင်း ICA ကဆိုသည်။
စစ်ရေးအရှိန်မြင့်တက်လာနေသဖြင့် လူအခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်မှတ်တမ်းတင်ရန်၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားထိခိုက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ စုံစမ်းမှုများပြုလုပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုများ တိုးမြှင့်ကူညီပေးရန် ချင်းရေးရာအဖွဲ့ ကတောင်းဆိုထားသည်။
ချင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကော်မရှင် က စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်ဝင်ပေါက်ဖြစ်သော ကလေး -နတ်ချောင်း- ဂန့်ဂေါ ၊ ကလေး -နတ်ချောင်း- ဝေဘူလ ၊ ကလေး – ခိုင်ကမ်း – သိုင်းငင်းနှင့် တီးတိန် – သိုင်းငင်း တို့မှ စစ်ကြောင်းလေးကြောင်းခွဲကာ အင်အား၁,၀၀၀ကျော်ဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကော်မရှင်၏ စစ်ကြောင်းများကို ဖလမ်းမြို့နယ်အခြေစိုက် ချင်းညီနောင်(CB)အဖွဲ့ဝင် ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့(CNDF) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့ဝင်များ ပူးပေါင်းခုခံနေကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
Tagged MizzimaBurmeseNews, ကျဆုံး, ချင်းပြည်နယ်, ပြင်းထန်တိုက်ပွဲ, ပြည်တွင်းသတင်း, ဖလမ်းမြို့နယ်, မဇ္ဈိမသတင်းဌာန
Post navigation
⟵
Heineken မြန်မာစက်ရုံ၏ အလုပ်သမားရေးရာ ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုမရှိဟု MICS ဝေဖန်၊ ထုတ်ကုန်များ သပိတ်မှောက်ရန် ပြင်ဆင်
ပစ်မှတ်ထား တိုက်ခိုက်မှုများအတွင်း မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရရှိထားဟု အစ္စရေး ယူဆ
⟶
Related Posts