NUG ပညာရေးတာဝန်ခံတစ်ဦးနှင့် ခင်ပွန်းသည် အသတ်ခံရမှုတွင် ကျူးလွန်သူဟု ယူဆရသူများကို ဖမ်းမိပြီဟု ဆိုသော်လည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးစေလိုသည်ဟု ပုလောမြို့နယ်ဒေသခံတို့က ပြောသည်။

NUG ပညာရေးတာဝန်ခံတစ်ဦးနှင့် ခင်ပွန်းသည် အသတ်ခံရမှုတွင် ကျူးလွန်သူဟု ယူဆရသူများကို ဖမ်းမိပြီဟု ဆိုသော်လည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးစေလိုသည်ဟု ပုလောမြို့နယ်ဒေသခံတို့က ပြောသည်။

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြို့နယ် ပညာရေးတာဝန်ခံနှင့် ခင်ပွန်းဖြစ်သူ အသတ်ခံရမှုတွင် ကျူးလွန်သူဟု သံသယဖြစ်ခံရသူများကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍  ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပေးရန် ဒေသခံအချို့က တောင်းဆိုနေသည်။

မြို့နယ် အခြေခံပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၊ အသက် ၅၀ အရွယ် ဆရာမ ဒေါ်အေသီအောင်  နှင့် အသက် ၄၀ အရွယ် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁ နာရီတွင် ပုလောမြို့နယ် ဆားခဲကျေးရွာရှိ နေအိမ်၌ ဓားဖြင့် ခုတ်သတ်ခံရသည်။

ထိုအသတ်ခံရမှုတွင် ကျူးလွန်သူဟုယူဆရသူ လေးဦးကို ဖမ်းမိထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သုံးဦးကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဓာတ်ပုံနှင့် တကွ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း စုဆောင်းခံထားရမှုမှ ထွက်ပြေးလာသော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နှင့် မောင်ဝင်းစိုးတို့သည် လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူများဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုလောဒေသခံအချို့ကမူ KNU ထုတ်ပြန်ချက်သည် မြေပြင်အချက်အလက်များနှင့် ကွဲလွဲမှုရှိနေကြောင်း  အွန်လိုင်းလူမှုကွန်ရက်တွင် ဝေဖန်နေကြသည်။

ကျူးလွန်သူ အစစ်အမှန် မဟုတ်ဘဲ တရားခံအစားထိုးလိုက်သည့်သဘောမျိုး မဖြစ်စေချင်ကြောင်း ပုလောဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး  ဒေသအခြေစိုက် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ KNU အပါအဝင် အဖွဲ့စုံပါဝင်သည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ပေးစေလိုကြောင်း  ၎င်းက ဆိုသည်။

“ကြေညာလိုက်တဲ့ဟာကို လက်မခံနိုင်ဘူး။ အဲဒါကို အထူးဖွဲ့ထားတဲ့ စုံစမ်းရေးအဖွဲ့ကနေပြီးတော့ အမှုမှန် ဖော်ထုတ်ပြီးတော့ ထုတ်ပြန်တဲ့ကြေညာချက်မှ ကျွန်တော်တို့က လက်ခံနိုင်မယ်။ အမှုကိုလည်းပဲ အစားထိုးတာမျိုး မဟုတ်ဘဲနဲ့ တကယ်လုပ်တဲ့တရားခံအမှုမျိုးပဲ လိုချင်တယ်။ အမှုမှန်ပဲ ဖြစ်စေချင်တယ်” ဟု ထိုသူကပြောသည်။

မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းမည်ဖြစ်သည်၊  ကျူးလွန်သူကို ဖမ်းမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားသည်ဟု  ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU ထုတ်ပြန်ချက်တွင် ပါဝင်သူများသည် အမှန်တကယ်ပြစ်မှု ကျူးလွန်သူများ မဟုတ်နိုင်ကြောင်း ပုလောမြို့နယ် ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ခုက သူတို့ဘာသာ ဇာတ်ညွန်းရေး၊ သူတို့ဘာသာ သရုပ်ဆောင်၊ သူတို့ဘာသာ အကယ်ဒမီပေးသလို လုပ်နေတာ။ လုံးဝ သံသယဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ဖြစ်ပွားခဲ့သော အဆိုပါအမှုကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးသင့်သလို ပိုမိုပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ပြီး တရားမျှတမှုရရန် ဆောင်ရွက်သင့်ကြောင်း မှတ်ချက်ပြုသည်။

ပုလောမြို့နယ်၌ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ အသတ်ခံရပြီးနောက် NUG စာသင်ကျောင်းဖွင့်လှစ်မှုများ ရပ်ဆိုင်းထားပြီး CDM ပညာရေးဝန်ထမ်းများ လုံခြုံရေးစိုးရိမ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

“အမှုမှန်မပေါ်ရင် အဲဒီနယ်မြေထဲက ကျန်တဲ့ CDM တွေ၊ တော်လှန်ရေးသမားတွေအတွက် စိုးရိမ်ရပါတယ်။ ညအိပ်ချိန်ကြီး အိပ်မောကျနေချိန် တက်သတ်သွားတာဆိုတော့ အထဲကလူတွေ ညဘက် စိတ်ချလက်ချ ဘယ်သူမှမအိပ်ရဲကြတော့ဘူး”

တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်း ပေါ်ပေါက်လာသည့် အမှုဖြစ်သည်ဟု အထက်ပါ ပုလောဒေသခံက ပြောသည်။

“လူရင်းကထိုးတဲ့ဓားက ပိုနက်တယ်ဆိုတဲ့စကားပုံစံမျိုး ဖြစ်နေတာပေါ့။ ကိုယ့်အချင်းချင်းကနေ ဒီလို ဖြစ်တယ်ဆိုရင် စကစဘက်ကနေဝမ်းသာမှာ နံပါတ်တစ် ၊ နောက်တစ်ခုက CDM တွေရဲ့ မလုံခြုံမှု၊ အာမခံချက် မရှိတော့ဘူးလေ။ အဲဒါတွေ ဖြစ်လာမှာပေါ့”

“ CDM တွေက ငါတို့က ဒါတွေအားလုံး စွန့်လွှတ် လာပြီးတော့မှ ဒီနေရာမှာ အသက်ရှင်ခွင့်ရမယ်။ ဒီမှာ အဆင်ပြေမယ်ဆိုပြီး ဒီနယ်မြေပြေးလာကာမှ ဒီမှာ ဒီလိုထပ်ဖြစ်တယ်ဆိုရင် CDM တွေအတွက်က နေစရာ နေရာမရှိတော့ဘူး။ ပြေးစရာနေရာမရှိတော့ဘူး ။ စိတ်ခွန်အားတွေ ကျတာပေါ့” ဟု ထိုသူက ဆက်ပြောသည်။

KNU ထုတ်ပြန်ချက်မှ အသတ်ခံရသော ဆရာမနှင့်ခင်ပွန်း (အပေါ်ပုံ) နှင့် ကျူးလွန်သူများ (အောက်ပုံ) ဟု ဖော်ပြထားသည့် ဓာတ်ပုံ။

ဖြစ်စဉ်သည်  ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၅၀ ခန့်အချိန်တွင် ထိုလေးဦးသည် အချုပ်မှ ထွက်ပြေးသွားခဲ့ ကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေအချိန် မောင်ဝင်းစိုးဆိုသူသည် ဆရာမထံ ထမင်းတောင်းစားရာ မပေးသည့်အတွက်  ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း၊ ဆရာမ ခင်ပွန်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ၊ သေသူ၏ နားကပ်၊ ဆွဲကြိုး နှင့် လက်ကောက်တို့ကို ယူဆောင်ကာ ထိုင်းဘက် ထွက်ပြေးရန် ကြံစည်နေကြစဉ် ဖမ်းမိခဲ့ကြောင်း KNU က ဖော်ပြထားသည်။

ဖမ်းဆီးထားသူ လေးဦးသည် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အမှတ် (၇) တပ်ရင်းတွင် ခိုလှုံနေထိုင်ကြစဉ် မူးယစ်ဆေးသုံးစွဲခြင်းနှင့် ခိုးမှုကျူးလွန်သောကြောင့် အချုပ်ကျနေသူများ ဖြစ်ကြောင်း ဆိုသည်။

“တရားခံ လေးယောက်က စစ်ကော်မရှင် စုဆောင်းထားတဲ့စစ်သားတွေဖြစ်တယ်။ သူတို့က အမှတ် (၁၂) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းမှာ သင်တန်းတက်တဲ့အချိန် သူတို့ထွက်ပြေးတယ်။ သူတို့က ထွက်ပြေးပြီး KNDO တပ်ရင်း (၇) ၊ တပ်ခွဲ (၅) ကို ရောက်လာတယ်။ ကျွန်တော်တို့ လက်ခံထားတယ်” ဟု တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“သူတို့က အကျင့်မကောင်းဘူး။ သူတို့က ဆေးသုံးတယ်။ ခိုးတယ်။ ခိုးတဲ့အတွက် ကျွန်တော်တို့က အချုပ်ခန်းထဲ ထည့်တယ်။ ထည့်တဲ့အချိန်မှာ သူတို့ထွက်ပြေးတယ်။ ထွက်ပြေးတာကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ သိပြီးနောက်မှာ တစ်ခါတည်းလိုက်ရှာတယ်။ ဆရာမကို ခုတ်သတ်ပြီး နောက်ရက်မှာ ကျွန်တော်တို့ ပြန်ဖမ်းမိတယ်။ အခုကတော့ လေးယောက်လုံးပြန်မိတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

ထိုသူများကို KNU က အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ပထမတစ်ချက်ကတော့ KNDO တပ်ရင်း ၇ ရဲ့ စစ်စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူလို့ရတယ်။ ဒုတိယတစ်ချက်ကတော့ စစ်စည်းမျဉ်း စည်းကမ်းနဲ့မဟုတ်ဘဲ KNU ရဲ့ ဥပဒေနဲ့ KNU တရားသူကြီးဆီကို လွှဲအပ်လို့ရတယ်။ အရေးယူမှုကတော့ အဲဒီ နှစ်ခုထဲက တစ်ခုခုနဲ့တော့ အရေးယူရမယ်။ လတ်တလောတော့ ဘာမှ ဆုံးဖြတ်ချက်မရသေးဘူး” ဟု ပဒိုစောအယ်နားကပြောသည်။

Myanmar Now အနေဖြင့် စွပ်စွဲခံရသူများထံမှ တုံ့ပြန်ချက်ကို မေးမြန်းမရသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ၊  ပညာရေးဝန်ကြီး ဌာနကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအသီးသီးနှင့်ပူးပေါင်းပြီး ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်၊ ပါဝင်ပတ်သက် ကျူးလွန်သူများအားလုံးကို ဖော်ထုတ်အရေးယူအပြစ်ပေး၍ တရားမျှတမှုရရှိစေရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

“KNU Mergui-Tavoy district မှာ တာဝန်ရှိသူများကို တရားခံများ အမြန်ဆုံး ဖမ်းမိအောင် ဆောင်ရွက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်” ဟု NUG ပညာရေးဝန်ကြီး ဂျာထွယ်ပန်က  Myanmar Now ကို ပြောသည်။

တနင်္သာရီတိုင်းအခြေခံပညာရေးအစုအဖွဲ့များက ထိုအမှုကြောင့် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထားများ ပူးပေါင်းထုတ်ပြန်ထားကြသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)  CDM ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ဆရာမ ဒေါ်အေသီအောင် အသတ်ခံရသောအမှုနှင့်ပတ်သက်ပြီး ယမန်နေ့ ညနေတွင် ကြေညာချက် ထုတ်ပြန်သည်။

တော်လှန်ရေးထိန်းချုပ်နယ်မြေတွင်နေထိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပညာဝန်ထမ်းများ၏ အသက်နှင့်လုံခြုံရေးအခြေအနေများ မရှိသလောက်နည်းပါးနေခြင်းကို ပြသနေ သောဖြစ်ရပ်တစ်ခုဟု ယင်းကြေညာချက်က ဆိုသည်။

၎င်းတို့အနေဖြင့် CDM ဝန်ထမ်းအပေါ် ပိုမိုထိရောက်သော လုံခြုံရေး ထားရှိပေးရန်၊ အမှုမှန်ပေါ်ပေါက်ရေး အတွက် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပုလောမြို့နယ်အတွင်း NUG ကျောင်းများအားလုံးရပ်နားထားရကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်း အထက်ပါ ပုလောဒေသခံတစ်ဦးက ပြောသည်။

“ ဆရာမကြီးအသတ်ခံရတဲ့အမှုနောက်ဆက်တွဲအနေနဲ့က မြို့နယ်မှာရှိတဲ့ပညာရေးအားလုံးကို ရပ်ဆိုင်းထားတယ်။ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ်၊ မြေပြင်ကပဲဖြစ်ဖြစ်၊ မြေပြင်က ရှိသမျှကျောင်းတွေ အကုန်လုံး ရပ်ဆိုင်းထားတယ်” ဟု ဆိုသည်။

ဆက်လက်၍ “ ဘာကြောင့်ရပ်ဆိုင်းရသလဲဆိုရင် အမှုမှန် ပေါ်စေချင်တာ။ အမှုမှန်ပေါ်မှပဲ ကျွန်တော်တို့က အလုပ်ဆက်လုပ်လို့ အဆင်ပြေမှာ။ အလုပ် ဆက်လုပ်လို့လည်းရမှာ။ အမှုမှန်မပေါ်ရင် ကျွန်တော်တို့ အလုပ်ဆက်လုပ်လို့မရဘူး။ ဒါကြောင့်အမှုမှန်ပေါ်ပေါ်က်ရေးကို ဦးစားပေးပြီး ကျန်တဲ့ကိစ္စအဝဝကို ရပ်နားထားရတာ” ဟု ၎င်းက ဆက်ပြောသည်။

ပုလောမြို့နယ်တွင် NUG ပညာရေးဝန်ထမ်းအသတ်ခံခဲ့ရသလို စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင်လည်း တော်လှန်ရေးစိုးမိုးနယ်မြေတွင် နေထိုင်သော NUG မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် ဇနီး၊ သုံးလကျော်အရွယ် သမီးငယ်တို့အား ဓားဖြင့် ထိုးသတ်ခံခဲ့ရမှုလည်း ရှိခဲ့သည်။ အဆိုပါ လူသတ်မှုသည် တစ်နှစ်ပြည့်သည်အထိ ကျူးလွန်သူ လွတ်မြောက်နေဆဲ ဖြစ်သည်။

ကနီဒေသအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ကြိုးပမ်းနေသည်ဟု ပညာရေးဝန်ကြီး ဂျာထွယ်ပန်က ပြောသည်။

“အမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ကြိုးစား ဆောင်ရွက်နေကြပါတယ် ။ တရားခံဖမ်းမိနိုင်ရေး တိုးတက်မှုတွေရှိတဲ့အကြောင်းလည်း ကြားသိရပါတယ်။ ကျွန်မတို့လည်း အဖြစ်မှန်အမြန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးဖို့ အထူးတိုက်တွန်းထားပါတယ်” ဟု သူက ပြောသည်။