
ဦးခေါင်းပွင့်ထွက်သွားသူများ၊ ခန္ဓာကိုယ်တစ်ပိုင်းတစ်စပျက်စီးသွားသူများ၊ ဦးခေါင်း မရှိတော့ဘဲ မည်သူမည်ဝါဟု မမှတ်မိလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ်အလောင်းများသည် သုဿန်တစပြင်၌ ပြည့်နှက်နေသည်။
အချို့ အလောင်းများကို ပိတ်ဖြူဖြင့် ဖုံးအုပ်ထားပြီး အချို့ကိုမူ စောင်များဖြင့်ဖုံးအုပ်ထားသည်။ ရုပ်အလောင်း နံဘေးတွင် လူအများ ဝမ်းနည်းငိုကြွေးသံသည် သင်္ချိုင်းတစ်ခုလုံးကို လွှမ်းမိုးထားသည်။
ထိုအလောင်းများသည် နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်ခန့်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာတွင် ထိခိုက် သေဆုံးသွားသူများဖြစ်သည်။
ဆေးရုံကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ရာ အရပ်သားလူနာများနှင့်လူနာစောင့်များ၊ ဆေးရုံ ဝန်ထမ်းများ စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၇၇ ဦးဒဏ်ရာရရှိသွားသည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာဒေသများမှ ပြည်သူများသည် ကျန်းမာရေးအတွက် ထိုဆေးရုံကို အားကိုး အားထား ပြုရ၏။ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင် ၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများအပါအဝင် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးသွားသည်။
ဆေးရုံဝင်းအတွင်းရှိ နေရာတစ်ခုတွင် ဗုံးကြဲခံရမှုကြောင့် တွင်းနက်ကြီးတစ်ခု ဖြစ်သွားပြီး ဗုံးအစအနများ ပြန့်ကြဲနေသည်ကို တွေ့မြင်ရသည်။
ဆွေမျိုးသားချင်း ဆုံးရှုံးရသလို
ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများအနက် မြောက်ဦးမြို့နယ်၊ မဟိန်ကျီရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် ကိုကျော်ထူးဇော်လည်း ပါဝင်သည်။ ၎င်းသည် ဆေးရုံတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။
ယခင်ရက်များက အလုပ်တာဝန်ပြီးဆုံးလျှင် မိမိအိမ်သို့သွားရောက်အိပ်တတ်သော်လည်း ဆေးရုံလုံခြုံရေး ဝန်ထမ်းများနှင့်အတူ အိပ်ရန်ကျန်ရှိလိုက်သည်ဟု လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မမေဦးခင်က ပြောသည်။
“ကျွန်မတို့ အိမ်ပြန်လို့ အိမ်ရောက်တာနဲ့ လေယာဥ်သံကြားပြီးတော့ အဲဒီဘက်က ပေါက်ကွဲသံကြားတယ်”ဟု ပါးပြင်ပေါ် စီးကျနေသည့် မျက်ရည်စများကို ညာဘက်လက်ဖြင့် သုတ်ရင်း ပြောသည်။
ပေါက်ကွဲသံကြားပြီးနောက် ၎င်းတို့အတွက် စိုးရိမ်သော်လည်း နောက်ထပ် ပြန်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် ဆေးရုံသို့ သွားမကြည့်နိုင်လိုက်ပေ။ နောက်တစ်ရက် နံနက်လင်းချိန် သွားကြည့်ရာ ကိုကျော်ထူးဇော် အပါအဝင် လုံခြုံရေးဝန်ထမ်း နှစ်ဦးလည်းသေဆုံးသွားသည်ကို သိလိုက်ရသည်။
“သူက မောင်လေးဆိုရင်လည်းဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်ဆိုတာထက် မောင်နှမလိုနေကြတာ။ တစ်ယောက် ဆုံးရှုံးသွားရင် ကိုယ့်မှာမောင်လေးတွေ ဆုံးရှုံးသွားသလိုခံစားရတယ်။ ဆွေမျိုးသားချင်း ဆုံးရှုံးသွားသလို ခံစားရတယ်”
တိတ်ဆိတ်သွားသည့် ဝန်းကျင်
စစ်ကော်မရှင်၏ ရက်စက်ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုအပြီး နောက်တစ်ရက်ကြာသည်အထိ ဆေးရုံရှေ့ စျေးဆိုင်ခန်းများနှင့် နေအိမ်တံခါးများ အလျှိုလျှိုပိတ်ထားကြသည်။ ယခင်က သက်ဝင်လှုပ်ရှားနေသော ဝန်းကျင်သည် တိတ်ဆိတ်ခြောက်သွေ့နေသည်။
ဆံကေသာကို ဆီလိမ်း၊ သနပ်ခါးခြယ်သလေ့ရှိသည့် ထိုဝန်းကျင် နေအိမ်များရှိ အမျိုးသမီးများသည် လိမ်းခြယ်ခြင်း အမှုကို မပြုကြ။ အမျိုးသားများသည် အသက်မဲ့နေသည့် ကျောက်ရုပ်ကြီးများကဲ့သို့မှိုင်ငိုင်နေကြသည်။
မြောက်ဦးမြို့သည် ရခိုင်တို့၏ နောက်ဆုံးဘုရင်နန်းစိုက်ရာ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ဘုရား၊ ပုထိုး၊ စေတီ ပေါများသည့် ဒေသဖြစ်သည်။ မြောက်ဦးမြို့ကို ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန်ကြိုးပမ်းနေသည်။
တန်ဖိုးဖြတ်မရနိုင်သော ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ကျော်ကြားသည့် မြောက်ဦးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် သွေးစွန်းခဲ့ရသည်။ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။ အနိဌာရုံဖြစ်ခဲ့ရသည်။ စစ်ဘေးအန္တရာယ် အသွယ်သွယ်ကြား ဘဝရပ်တည်ရေး ကြိုးစားရုန်းကန်နေရသည့် မြောက်ဦးဒေသခံများအတွက် ယခုအဖြစ်သည် ဘူးလေးရာဖရုံဆင့်သည်နှယ်ပင်။

လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှု
ဗုံးကြဲခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးသွားသည်။ သွပ်ခေါင်မိုးများလွှင့်စဥ်သွားပြီး အုတ်နံရံများသည် ကျည်ဆန်ရာ ဗရပွနှင့်ပြိုပျက်စီးနေသည်။ လူနာအိပ်ခုတင်များပြန့်ကြဲနေပြီး လုံးဝအသုံးပြု၍မရတော့သည့် အခြေအနေဖြစ်သွားရသည်။
ရခိုင်ပြည်အနှံ့အပြားမှ လာရောက်ဆေးကုသရသူများသည် ထိုဆေးရုံပြိုပျက် ပျက်စီးမှုကြောင့် အလွန် အခက်အခဲ ရှိနေသည်။ ယင်းအပြင် ဆေးသိုလှောင်ခန်းများသည်လည်း မီးလောင်ဆုံးရှုံးသွားခြင်းကြောင့် ဆေးဝါးလည်း အခက်အခဲရှိနေသည်ဟု မမေဦးခင်က ပြောသည်။
“ဒီဆေးရုံက ဘယ်လောက်ထိ အရေးပါလဲဆိုရင် မြောက်ဦးတစ်မြို့ ရခိုင်ပြည်တစ်ခုနဲ့တောင် မပြီးဘူး။ မကွေးဘက်တွေက လူနာတွေဆိုရင်လည်း ခေတ်ကာလ မကောင်းတဲ့အခါ ဆေးကုသဖို့ ရောက်ကြတယ်။ လူတော်တော်များများက ဒီကိုပဲ လာကြတာ။ အများပြည်သူကျန်းမာရေးကိစ္စအတွက် အလွန်အရေးပါတဲ့ ဆေးရုံဖြစ်ပါတယ်”
ထိုသို့ အရပ်ဘက်ဆေးရုံများကို စစ်တပ်က ပစ်မှတ်ထားလာခြင်းကြောင့် မကျန်းမာသည့်လူနာများသည် ဆေးရုံတက်ရန်၊ ဆေးကုသရန်ပင် ကြောက်လန့်တကြား ဖြစ်သွားရသည်ဟု ဆိုကြသည်။
“တခြားဆေးရုံမှာ တက်နေတဲ့လူနာတွေလည်း ကြောင့်ကြကြမှာ။ ဘာလို့ဆို နေမကောင်းလို့ ဆေးကုသပါတယ် ဆိုမှ ဆေးကုနေတဲ့ နေရာကို ဗုံးလာကြဲတယ်ဆိုတော့ သူတို့ရဲ့လူမဆန်တဲ့ စိတ်ကတော့ တော်တော်ကြီး များသွားပြီ” ပုဏ္ဏားကျွန်းမြို့နယ် လူငယ်အစည်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လေယာဥ်လာတာကိုမသိလိုက်ဘူး။ ဗုံးကြဲသံကြားလို့ ထွက်ကြည့်မှ မီးခိုးထွက်နေတာကိုမြင်တယ်။ အိမ်မှာ ဆက်မအိပ်ရဲခဲ့တော့ဘဲ ဘုန်းကြီးကျောင်းမှာ အိပ်ဖို့တန်းပြေးသွားရတယ်”ဟု ဆေးရုံရှေ့တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အစ်ကို့အတွက် ဆောက်တည်ရာမရ
မြောက်ဦးမြို့၊ဘုရားပေါ်ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးထွန်းထွန်းဝင်းသည် မြောက်ဦးမြို့သွေးလှူရှင်များ အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦးထွန်းထွန်းဝင်းအား ဆေးရုံ၊ ဆေးခန်းများတွင် မသိသူမရှိပေ။ ၎င်းသည် ဗုံးကြဲခံရသည့် ဆေးရုံ၏ လုံခြုံရေးဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ ထိုနေ့ည လုံခြုံရေးတာဝန် ထမ်းဆောင်နေချိန်တွင် ဦးထွန်းထွန်းဝင်း ထိခိုက်သေဆုံးခဲ့ရသည်။
လွန်ခဲ့သည့် လဝက်ခန့်လောက်က အလုပ်ကိုယ်စီရှိနေသည်မို့ အစ်ကိုဖြစ်သူနှင့် မတွေ့ခဲ့ရ။
ထိုသို့မတွေ့ရဘဲ သေဆုံးသွားသောကြောင့် ဆောက်တည်ရာမရအောင်ခံစားနေရသည်ဟု အသက် ၄၄ နှစ်အရွယ် ညီမဖြစ်သူ ဒေါ်လှလှဝင်းက ပြောသည်။
“လေယာဥ်နဲ့ဗုံးကြဲပြီးနောက်မှာလည်း အလောင်းကိုရှာမတွေ့သေးဘူး။ ညပိုင်းလည်း တစ်ညလုံးရှာတယ်။ မနက်ပိုင်းလည်း တစ်မိုးထလုံး(တစ်မနက်လုံး) ရှာတယ် မတွေ့ဘူး။ အခုမှ ကားနဲ့လာပြီး (ဆေးရုံတာဝန်ရှိသူတွေ) ခေါ်လာတာ ။ မျက်နှာကိုလည်း မမြင်ဖူးလိုက်။ မျက်နှာလည်းမပါတော့ဘူး ။ ခန္ဓာကိုယ်တုံးတုံးပဲ ကျန်လိုက်တော့တယ်”ဟု အော်ဟစ်ငိုကြွေး၍ ပြောဆိုသည်။
“သူတို့(အာဏာသိမ်းစစ်တပ်)ကို လုံးဝမကျေနပ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

လက်နက်မဲ့ ပြည်သူကို ပစ်မှတ်ထားသည့် စစ်တပ်
အများပြည်သူကျန်းမာရေးကိစ္စအတွက် လွန်စွာအရေးပါသည့် ဆေးရုံတစ်ခုကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင်တိုက်ပွဲများတွင် ရှုံးနိမ့်နေမှုကြောင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဟု ဆေးရုံသန့်ရှင်းရေးဝန်ထမ်း မမေဦးခင်က ပြောသည်။
“ဇာတ်ကားတွေထဲက ဇွန်ဘီတွေလို တစ်ခုကိုမရတဲ့အခါ တစ်ခုကို လိုက်ကိုက်တဲ့ပုံစံပါ။ သူတို့ (စစ်ကော်မရှင်) က ရတဲ့သူကို ပစ်မှတ်ထားပြီးလိုက်သတ်နေတာလို့ မြင်တယ်”
သေဆုံးသွားသူများထဲတွင် ရိုဟင်ဂျာများလည်းပါဝင်ကြသည်။ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာမှ ရိုဟင်ဂျာ လေးဦးနှင့် မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ရွာမှ ရိုဟင်ဂျာတစ်ဦးလည်းပါဝင်သည်။ ၎င်းတို့ကို အစ္စလာမ်ဘာသာ ဓလေ့ထုံးတမ်းစဥ်လာအရ သင်္ဂြုဟ်ရန်အတွက် သက်ဆိုင်ရာရွာအသီးသီးသို့ သယ်ယူသွားကြသည်ဟု မြောက်ဦး မြို့နယ်မှ မော်လဝီဆရာတစ်ဦးက ပြောသည်။
“(သေဆုံး၊ဒဏ်ရာရတာမှာ) ကျွန်တော်တို့မိသားစုတွေတော့မပါဘူး။ ခံစားရလို့လာကြည့်တာ။ ဗုဒ္ဓဘာသာဝင်တွေ၊ ကျွန်တော်တို့မွတ်ဆလင်တွေ အများကြီးသေလို့ ရှိပါတယ်”
အာဏာသိမ်းစစ်တပ်အုပ်ချုပ်သည့်အချိန်က ရိုဟင်ဂျာလူမျိုးတို့သည် မြောက်ဦးမြို့ဆေးရုံတွင် ဆေးကုသခွင့် မရရှိခဲ့ပေ။ AA ထိန်းချုပ်နယ်မြေဖြစ်လာပြီးနောက် ရိုဟင်ဂျာများသည် လွတ်လပ်စွာ ဆေးကုသခွင့် ရရှိလာကြ သည်။ ထိုသို့ အခွင့်အရေးရရှိနေချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါမော်လဝီကပြောသည်။
“အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတာကို ကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးကို ကျွန်တော်တို့ တင်ပြလိုတာက နောက်နောင် ဒီလိုမဖြစ်စေချင်ပါ။ အရေးယူပေးပါလို့ ကျွန်တော်တင်ပြချင်ပါတယ်”

စစ်တပ် တာဝန်ခံရမည်
မြောက်ဦးဆေးရုံကို စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် လွန်စွာစက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်ဖြစ်သည် သာမက “အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု”၊ “အပြစ်မဲ့အရပ်သား ပြည်သူများ အစုလိုက်အပြုံလိုက်ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှုအများဆုံးဖြစ်စဥ်တစ်ခု”လည်း ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အများပြည်သူပိုင်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
“စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာက အကြမ်းဖက် စစ်ရာဇဝတ်မှုဖြစ်ပါတယ်။အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ် ”
အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ဆေးရုံတိုက်ခိုက်မှုကို ဝန်ခံသော်လည်း ထိုဆေးရုံတွင် AA နှင့် ဒေသခံ PDF၊ BPLA၊ အရှိုချင်းစသည့် လက်နက်ကိုင်များက ထိုနေရာအား ဆေးရုံ၏ အသွင်အပြင်အဖြစ် အခြေပြုထားသည့် စစ်စခန်းဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဟု စစ်ကော်မရှင်ဘက်က တုံ့ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကျူးလွန်မှုအပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်တပ်ထိန်းချုပ်သတင်းစာ အယ်ဒီတာအာဘော်က စစ်တပ်၏ ရက်စက်ယုတ်မာသည့် မြောက်ဦးဆေးရုံဗုံးကြဲမှုကို အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးအဖြစ် လီဆယ် ဖော်ပြခဲ့သည်။
မြောက်ဦးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အဓိက တာဝန်ရှိသည့် စစ်ကော်မရှင်ခေါင်းဆောင်က ၎င်းတို့၏ ဗုံးကြဲသတ်ဖြတ်မှုအပြီးတွင် ရခိုင်ပြည်သူများ အစဉ်ထာဝရ အေးချမ်းသာယာပျော်ရွှင် ချမ်းမြေ့ပါစေ ဟု ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ၎င်း၏ သဝဏ်လွှာတွင် ဆိုသည်။

အမှန်စင်စစ်တွင် ထိုဆေးရုံသည် စစ်ဘက်ဆိုင်ရာဆေးရုံမဟုတ်ဘဲ အရပ်သားများသီးသန့် ကုသနေသော ဆေးရုံဖြစ်ကြောင်းလည်း ဒေသခံအများအပြားက အခိုင်အမာပြောဆိုကြသည်။
AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကလည်း အာဏာသိမ်း စစ်တပ် ထုတ်ပြန်ခဲ့သော စွပ်စွဲချက်သည် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ပြုလုပ်သည့် လုပ်ရိုးလုပ်စဥ်သာဖြစ်ပြီး လုံးဝမှားယွင်းနေသော မဟုတ်မမှန်အကြောင်းပြချက်သာဖြစ်သည်ဟု ဆိုသည်။
မြောက်ဦးပြည်သူ့ဆေးရုံသည် ပြည်တွင်းစစ်မဖြစ်ခင်ကာလက အရပ်ဘက်ဆေးရုံတစ်ခုအဖြစ် ရှိနေခဲ့သကဲ့သို့ AA က မြောက်ဦးမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်းတွင်လည်း စစ်ဘက်ဆိုင်ရာဝန်ထမ်း၊ စစ်ဘက်ဆိုင်ရာ လူနာများနှင့် ရောထွေးပတ်သက်မှုမရှိဘဲ အရပ်သားစေတနာ့ဆေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ဆေးရုံဖြစ်ကြောင်းလည်း AA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးပေးရန် ကုလတောင်းဆို
မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်းနှင့်စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တောင်းဆိုထားသည်။ အလားတူ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ကလည်း ဆေးရုံတိုက်ခိုက်ခံရမှုအတွက် “တုန်လှုပ်မိကြောင်း” ပြောဆိုထားသည်။
အာရက္ခတပ်တော်(AA)သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစတင်ပြီး ရခိုင်ပြည်နယ်စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မြို့များသည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် တို့သာဖြစ်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ နှစ်နှစ်တာအတွင်း အာဏာသိမ်း စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၁၅၂ ဦးသေဆုံးကာ ၂၁၅၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။ ဖမ်းဆီးခံထားရသူ ၁၀၃၄ ဦးအထိရှိကြောင်း AA က ထုတ်ပြန်ထားသည်။
ရခိုင်ကို ထပ်မံတိုက်ခိုက်
မြောက်ဦးဆေးရုံကို ဗုံးကြဲမှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးထားသော်လည်း နောင်တရရှိမှုမရှိဘဲ နောက်တစ်ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနှင့် အောက်ရွာတို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဗုံးကြဲ ၊ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၁၆ ဦး ဒဏ်ရာရကာ ဒေသခံ ကိုးဦး သေဆုံး သွားသည်။
ထို့ပြင် ဒီဇင်ဘာ ၁၃ ကလည်း ကျောက်ဖြူမြို့နယ် အင်တိုင်းရွာ၊ ကျောက်ကလေရွာနှင့် မင်းရပ်ရွာတို့ကို အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အင်တိုင်းရွာရှိ ဘုန်ကြီးကျောင်းပျက်စီးသွားပြီး မင်းရပ်ရွာ မူလတန်းစာသင်ကျောင်း ပျက်စီးသည်။ သို့သော် လူထိခိုက်သေဆုံးမှုမရှိခဲ့ပေ။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်အတွင်းတွင် တရုတ်ရင်းနှီးမြုပ်နှံမှု များရှိရာ ကျောက်ဖြူမြို့နယ် အတွင်း အာဏာသိမ်းစစ်တပ်နှင့် အဓိက တိုက်ပွဲဖြစ်ပွားလျက်ရှိသော်လည်း ပြည်နယ်မြို့တော် စစ်တွေတွင် ရင်ဆိုင် တိုက်ပွဲမဖြစ်ပွားသေးဘဲ လက်နက်ကြီး၊ဒရုန်းတို့ဖြင့် နှစ်ဖက်အပြန်အလှန်စစ်ဆင်လျက် ရှိသည်။ မာန်အောင်ကျွန်း သည်သေနတ်သံမပေါက်သေးသော ရခိုင်ပြည်နယ်၏ တစ်ခုတည်းသော ဒေသဖြစ်သည်။
အလားတူ ရခိုင်နယ်စပ် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အာဏာသိမ်းစစ်တပ်စခန်းများကို တိုက်ခိုက်နေပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တို့ကို စစ်ရေး ခြိမ်းခြောက်နေသည်။
“အခုလည်းပဲ ဧရာဝတီစစ်မျက်နှာတို့၊ကျောက်ဖြူစစ်မျက်နှာတို့၊မကွေးစစ်မျက်နှာ၊ပဲခူးစစ်မျက်နှာတို့မှာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက အထိအခိုက်အကျဆုံးတွေများနေတဲ့အတွက်ကြောင့် အရပ်သား ပြည်သူတွေ(မြောက်ဦးဆေးရုံ) ကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။
အေအေ ထိန်းချုပ်ရာ ချင်းပြည်နယ်၊ ပလက်ဝမြို့မှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ထိုအဖြစ်အပျက်သည် ဆေးရုံ မသွားဝံ့လောက်အောင် ကြောက်လန့်တုန်လှုပ်ရသည်ဟု ဆိုသည်။
“အခုဆိုရင် ဖြစ်သွားတဲ့အဖြစ်ဆိုးကြောင့် လူနာတွေမှာဆေးရုံကိုသွားပြချင်ပေမဲ့ သွားမပြဝံ့ဖြစ်သွားမယ်။ ပြည်သူလူထုတစ်ယောက်ရဲ့ခံစားချက်ပါ” ဟု ၎င်းက ပြောသည်။
“ရင်ထဲမှာမဖော်ပြနိုင်လောက်အောင်ခံစားရတယ်၊စိုးရိမ်မိတယ်။သေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုမြင်ရလို့ သူတို့မသေဆုံးခင်ခံစားခဲ့ရမယ့် ဝေဒနာတွေကို မျက်လုံးထဲမြင်ယောင်လာတယ်။ ရင်ကွဲမတတ်ခံစား ရပါတယ် ”ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
“လူသားချင်းစာနာထောက်ထားမှုမရှိတဲ့အပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုလို့မြင်မိတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကို တန်ဖိုးမထားဘဲချိုးဖောက်တယ်လို့မြင်ပါတယ်”
လက်ရှိအချိန်တွင် မြောက်ဦးဆေးရုံဗုံးကြဲမှုတွင် ဒဏ်ရာရရှိသူများအတွက် ဆေးကုသရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူများထံက သိရသည်။


