မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်၌ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာ ဒုက္ခသည် သေဆုံး

ထိုင်း-မြန်မာ နယ်စပ်တလျှောက် တကျော့ပြန် ဖြစ်ပွားလာသော တိုက်ပွဲများက လူနေအရပ်များထိ ကူးစက်လာပြီး မြန်မာစစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်စပ် ထိုင်းဘက်ခြမ်းတွင် အနည်းဆုံး ငါးဦး သေဆုံးကာ ရာနှင့်ချီသော ဒုက္ခသည်များက ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
မဲဆောက်ခရိုင်၊ မဟာဝမ်ကျေးရွာအုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီမြို့နယ်အတွင်းက မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီးနှင့် ကိုးမနောအရပ်များတွင် မြန်မာစစ်တပ်၏ ခြေမြန်တပ်မ (၂၂) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။
ယခု နောက်ဆုံးဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ကိုးမနောရှိ ကရင်ဒုက္ခသည်စခန်းအတွင်းရှိ ဆေးရုံတခုကို အသေခံဒရုန်း (Kamikaze drones) လေးစင်းဖြင့် တိုက်ခိုက်ရာ ဒုက္ခသည် တဦး သေဆုံးပြီး အခြားတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အတွက် ဒုက္ခသည် ၂၀၀ ကျော်က သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းပိုင်နက်အတွင်းသို့ ထွက်ပြေးခဲ့ကြသည်။
အခြေအနေအား စောင့်ကြည့်ရန်နှင့် အကူအညီမျာ ပေးအပ်ရန် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီးနောက် ဒုက္ခသည်များက မြန်မာဘက်ခြမ်းရှိ ၎င်းတို့၏ စခန်းများသို့ ပြန်သွားကြကြောင်း သိရသည်။
မြန်မာ့လေတပ်က Yak-130 လေယာဉ်များကို အသုံးပြုပြီး KNU စခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မင်းလက်ပံမှ ကရင်တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားစေရန် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကိုလည်း တလှည့်စီ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သီးခြားဖြစ်ရပ်အနေဖြင့် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးကျည်က ဖလူးလေးကျေးရွာရှိ ကာစီနိုရုံအနီးမှ ထမင်းစားဆောင်ကို ထိမှန်ခဲ့ရာ တရုတ်နိုင်ငံသား လေးဦး (အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦး) သေဆုံးပြီး၊ အခြား တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသား ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစု သတင်းရင်းမြစ်များက ပြောသည်။