ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ကျဉ်းများလွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်တွင်တောင်းဆိုရန် NLDတိုက်တွန်း

ကိုကိုလင်းမောင် (မဇ္ဈိမ)
မဇ္ဈိမ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းတောင်းဆိုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက တိုက်တွန်းလိုက်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၏ နဝမ အကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ထိုအစည်းအဝေးသို့ ပေးပို့သည့် NLD သဝဏ်လွှာတွင်ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ လမ်းစရရှိနိုင်မည်မဟုတ်ကြောင်းနှင့် အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီက အခိုင်အမာဆိုသည်။
ယင်း သဝဏ်လွှာနှင့်ပတ်သက်၍ စမ်းချောင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သလို၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်လည်းဖြစ် ဦးဘိုဘိုဦးက လွှတ်တော်အတွင်း အဆိုတင်သွင်းရမည့် လုပ်ထုံးလုပ်နည်းများကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် ထပ်မံတိုက်တွန်းထားသည်။
“နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းသည့်အဆိုကို ကိုယ်စားလှယ်များက တင်သွင်းသင့်သည်” ဟု ဦးဘိုဘိုဦး က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုတင်သွင်းရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူရှိပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး၊ အဆိုအတည်ဖြစ်ပါက NUG အစိုးရအနေဖြင့် မပျက်မကွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ခေါင်းဆောင်များ လွတ်မြောက်ရေးကဲ့သို့ အဆိုမျိုးကို တင်သွင်းရန် ရှောင်ရှားခြင်းသည် “ကျေးဇူးကန်းရာရောက်သည်” ဟုလည်း ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။
NLD ၏ သဝဏ်လွှာတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ရရှိထားသည့် ပြည်သူ့အာဏာကို ကိုင်စွဲကာ စစ်အုပ်စု မပြုတ်မချင်း တိုက်ပွဲဝင်သွားကြရန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ အကောင်းဆုံး ပေါင်းစည်းညီညွတ်ကြရန် ဆန္ဒပြုထားသည်။
ထို့အပြင် နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ကိုးကြိမ်တိုင်အောင် ဆက်တိုက်ကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်းနှင့် နေရာဒေသအသီးသီးမှ တာဝန်ထမ်းဆောင်နေကြသည့် ကိုယ်စားလှယ်များကိုလည်း အသိအမှတ်ပြုကြောင်း ပါတီက ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ကာ လျှို့ဝှက်နေရာတွင် ထိန်းသိမ်းထားသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကိုပြန်လွှတ်ပေးရန် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း စစ်ကော်မရှင်က လျစ်လျူရှုထားသည်။