ကနီက စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၈ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ကနီက စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၈ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ – ကနီ ၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ် ၊ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ရှစ်စီးဖြင့် မတ်လ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးနှစ်ပါးနှင့် ဒေသခံ နှစ်ဦး စုစုပေါင်း လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်​။ (CJ)

လွှမ်းမိုး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ အရှေ့မြောက်ခြမ်း ၁၀ မိုင်ခန့်အကွာ၊ ဆူးလေကုန်းကျေးရွာ ရှိ စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ရှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့( မတ်လ ၂၁ ရက်) နေ့လယ် ၁၂ နာရီ ခန့်အချိန်တွင် ဂျက်ဖိုက်တာများဖြင့် ၄၅ မိနစ်ခန့်ကြာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကနီ ၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ် ၊ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ရှစ်စီးဖြင့် မတ်လ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးနှစ်ပါးနှင့် ဒေသခံ နှစ်ဦး စုစုပေါင်း လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်​။
“ဂျက်ဖိုက်တာတွေက ပျံသန်းမှုနိမ့်တော့ အသံတွေနဲ့ကို ကြောက်နေကြရတယ်။ နေရာစုံ ဘက်ပေါင်းစုံကနေ တစီးပြီးတစီး ပစ်ခတ် ဗုံးကြဲ သွားတာပါ။ ကျောင်းဆောင်ကြီးကတော့ ပျက်စီးသွားတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

ထိုဖြစ်စဉ်အတွင်း စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း နှင့် နေအိမ်တချို့ ပျက်စီးကာ သံဃာတော် နှစ်ပါးနှင့် ပြည်သူ နှစ်ဦး စုစုပေါင်း လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကနီ ၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ် ၊ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ရှစ်စီးဖြင့် မတ်လ ၂၁ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးနှစ်ပါးနှင့် ဒေသခံ နှစ်ဦး စုစုပေါင်း လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်​။ (CJ)

“လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပြီး အကာအကွယ်ယူကြရတယ်။ ဒီလိုသာ မဟုတ်ရင် သေဆုံး အရေအတွက်ကများနိုင်တယ်။ သစ်သားတွေ ၊ သွပ်တွေ ဆို အဝေးကြီးတွေ လွင့်ထွက်တာ။ ဗုံးအစတွေဆို အဝေးကြီးတွေ လွင့်ထွက်တာ “ဟု ဒေသခံ တဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလတွင်လည်း ဆူးလေကုန်းကျေးရွာ ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂၀ ခန့်ပျက်စီးပြီး အမျိုးသား တဦးသေဆုံးခဲ့သည်။