စစ်ရေးပြင်းထန်နေသည့် သရက်ချောင်း ကျေးရွာ ၂၀ ခန့်မှ ထောင်နှင့်ချီသည့် ဒေသခံများ အကူအညီလိုအပ်

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် KNLA ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ တင်းမာနေ၍ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်မှစ၍ တိမ်းရှောင်ကြရခြင်းဖြစ်ပြီး စစ်ဘေးရှောင်ကာလ တလကျော်လာသည်နှင့်အမျှ စားနပ်ရိက္ခာများ အပါအဝင် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။ စစ်ရှောင်ဦးရေမှာ ထောင်နှင့်ချီကြောင်း သိရသော်လည်း အတိအကျကိုမူ အတည်မပြုနိုင်သေးပါ။
“ အဓိက လမ်းကြောင်းတွေ ပိတ်ထားတော့ ကုန်စျေးနှုန်းတွေတက်တာရယ် အခု ဆီတွေပြတ်တာရယ်ကြောင့်ပေါ့။ အကူအညီကတော့ ဝိုင်းကူညီကြတာတွေတော့ ရှိကြပါတယ်။ ဒါပေမဲ့လည်း အကုန်ရတာ မဟုတ်ဘူး။ လက်လှမ်းမီသလောက်ကိုပဲ ပေးကြရတာ။ အကုန် တစုတဝေးတည်း မဟုတ်ဘဲ ဟိုတစုဒီတစု ရှောင်ကြတာဆိုတော့ ပြန့်ကျဲနေတော့ အကုန် အကူအညီရဖို့ ခက်ခဲနေတာပေါ့” ဟု စစ်ဘေးရှောင် အကူအညီပေးသည့် သတင်းရင်းမြစ်တရပ်က ပြောသည်။
ယနေ့ မတ်လ ၂၁ ရက် နံနက်ပိုင်းတွင်လည်း စစ်ကော်မရှင်က ဂုံညှင်းဆိပ်ရွာအနီးတဝိုက်အား လေကြောင်းမှ ဗုံးကြဲခဲ့သည်။
“ ဖြစ်နေတာကတော့ တော်တော်ဆိုးဆိုးရွားရွားကိုဖြစ်နေတာ။ မနေ့ကဆို ဂုံညှင်းဆိပ်အနီးတဝိုက်ကို ဗုံးအလုံး ၁၀၀ လောက် လာချသွားတယ်။ မနက်ကလည်း နှစ်စီးတက်လာပြီး လာချသွားသေးတယ် ပွိုင့်ဖိုက်တွေနဲ့လည်း ပစ်သွားသေးတယ်။

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားရာ သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်၊ ဆီးတော၊ သဲလမ်း၊ ဆီဒတ်ရွာ၊ ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းကြီး၊ သိမ်ကုန်း နှင့် စုံစင်ဖျား အပါအဝင် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ခန့် ဒေသခံများသည် တိုက်ပွဲများနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည်ဟု ယူဆရာ ကျေးရွာများနှင့် ပင်လယ်ပြင် ကမ်းအစပ်များတွင် စုဝေးစစ်ဘေးရှောင်နေကြရသည်။
ဝင်းဝတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်၊ ဝင်းဝစခန်း ပြန်ရရေး စစ်ကူလာသည့် စစ်ကော်မရှင်တပ်တို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ဂုံညှင်းဆိပ်ရွာအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၄) သတင်းရင်းမြစ်ထံက သိရသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်နေသည်။
ဂုံညှင်းဆိပ်ရွာသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဝင်းဝတပ်စခန်းနှင့် ငါးမိုင်ကျော်အကွာတွင် တည်ရှိပြီး မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးနှင့် အနည်းငယ်သာ ကွာဝေးသည်။ ထိုဝင်းဝတပ်စခန်းအား KNLA ပူးပေါင်းတပ်များက အချိန်တလကျော်ကြာ တိုက်ခိုက်ခဲ့ရသည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ အဆောက်အဦပျက်စီး ဆုံးရှုံးမှုများ ရှိနေသလို စစ်ကော်မရှင်တပ်၏ ဖမ်ရဆီး သတ်ဖြတ်မှုများကြောင့်လည်း အရပ်သား သေဆုံးခြင်းများရှိသည်။ သို့သော် ဖြစ်စဉ်များနှင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရမှု အခြေအနေများအား အသေးစိတ်မသိရသေးပါ။
စာတည်း။ ။အောင်ကျော်ဖြိုး