“တပ်မတော်နေ့” အခမ်းအနားများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပျောက်ဆုံးနေမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်နေ

“တပ်မတော်နေ့” အခမ်းအနားများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပျောက်ဆုံးနေမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်နေ


မဇ္ဈိမ ။ ။ စစ်တပ်၏ အဓိကအခမ်းအနားဖြစ်သော တပ်မတော်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း တက်ရောက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ၎င်းအား ရာထူးမှ ဖယ်ရှားလိုက်ပြီဟူသော သတင်းများ ပိုမိုကျယ်လောင်လာနေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ယနေ့ ( မတ်လ ၂၇ ရက် ) ညနေက ပြုလုပ်သော စစ်ရေးပြအခမ်းအနားတွင် သာမက ယမန်နေ့ညက ပြုလုပ်ခဲ့သည့် အကြိုညစာစားပွဲနှင့် အငြိမ်းစားအရာရှိကြီးများအား တွေ့ဆုံပွဲများတွင်ပါ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို “အကျင့်ပျက်ခြစားမှု” အပါအဝင် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သော အကြောင်းကိစ္စများဖြင့် ရာထူးမှ ဖယ်ရှားလိုက်သည်ဟူသော ကောလာဟလများ ယမန်နေ့ကတည်းက ထွက်ပေါ်နေခဲ့ရာ အစဉ်အလာအားဖြင့် ၎င်း၏ရုပ်ပုံများ လွှမ်းမိုးနေတတ်သော အခမ်းအနားများတွင် မတွေ့ရခြင်းက အဆိုပါသတင်းများကို ပိုမိုခိုင်မာစေသည့် အချက်တခု ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရာထူးအပြောင်းအလဲနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် မရှိသေးသော်လည်း ၎င်း၏ မူလတာဝန်ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး (ကက-ပြည် ) ရာထူးကို ဗိုလ်မှူးချုပ်ရဲရင့်အောင်က လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ် စစ်တပ်ပိုင် သတင်းစာများတွင် အတည်ပြု ဖော်ပြထားသည်။

အခြားတဖက်တွင်မူ နေပြည်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက အဆိုပါ ရာထူးအပြောင်းအလဲသည် ခြစားမှုကြောင့် မဟုတ်ဘဲ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

တဖက်တွင်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ် အရန်အင်အားသို့ အပို့ခံလိုက်ရကြောင်းလည်း သတင်းထွက်ပေါ်နေသည်။

အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ ၁/ ၂၀၂၁ အရ စစ်တပ်တွင် ဗိုလ်ချုပ်အဆင့်ဆိုပါက တာဝန်ထမ်းဆောင်ခွင့်ကို ခြောက်နှစ်သတ်မှတ်ထားသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ၂၀၂၀ ပြည့်နှစ်ထဲတွင် ဗိုလ်မှူးချုပ်အဖြစ်မှ ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရာထူး အပြောင်းအလဲဖြစ်ပေါ်သော်လည်း စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင် ၎င်းအား ဗိုလ်ချုပ်၊ ဒုတိယဝန်ကြီးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ရာထူးအတိုင်း ဆက်လက်ဖော်ပြထားသည်။

ဗိုလ်မှူးချုပ် ရဲရင့်အောင်သည် ယခင်က ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ လက်ရှိ စစ်ကောင်စီက ထုတ်ပြန်ထားသည့် အဆိုပါအဖွဲ့ အမည်စာရင်းတွင်မူ ဗိုလ်မှူးချုပ် ရဲရင့်အောင်၏ အမည် မပါရှိတော့ပေ။

စစ်တက္ကသိုလ်အပတ်စဉ် (၃၇) ဆင်း ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အာဏာမသိမ်းမီကတည်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွင် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် ပြန်ကြားရေးဒုဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာမူ ခါးကျီးပေါင်းနှင့် အာရုံကြောညပ်ဝေဒနာကြောင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး၌ အိန္ဒိယနိုင်ငံမှလာရောက်သော အထူးကုဆရာဝန်များဖြင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကာလုံက မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကော်မရှင်က ‘တပ်မတော်နေ့’ အဖြစ် သုံးနှုန်းသော်လည်း တော်လှန်ရေးအင်အားစုများကမူ မူလသမိုင်းဝင် အမည်ဖြစ်သော ‘ဖက်ဆစ်တော်လှန်ရေးနေ့’ ဟုသာ သတ်မှတ်သုံးနှုန်းကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး