မြိုင်ရေနံမှော်ဒေသတွင် ရောက်ရှိနေသည့် NUG တပ်များကို ဒေသခံများ ဆန္ဒပြ

ဓာတ်ပုံ- ဆန္ဒပြနေသည့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း၊ ရေနံမှော်များမှ ရေနံလုပ်သားများ နှင့် ခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ။ ၎င်းတို့ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးတပ်များ ရေနံမှော်ဒေသများတွင် အင်အားသုံး ဖြန့်ကျက်ထားမှုအပေါ် ဧပြီလ ၃ ရက်တွင် ဆန္ဒပြကြခြင်းဖြစ်သည်။ (မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ)
လွှမ်းမိုး
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း၊ ရေနံမှော်များမှ ရေနံလုပ်သားများ နှင့် ခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးတပ်များ ရေနံမှော်ဒေသများတွင် အင်အားသုံး ဖြန့်ကျက်ထားမှုအပေါ် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယနေ့( မတ်လ ၃ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်အချင်းချင်း ပဋိပက္ခ မဖြစ်ရေး တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးတပ် အချင်းချင်းကြားမှာ ပစ်ခတ်မှုတွေ ဖြစ်မှာ လုံးဝမလိုလားပါဘူး။ အခုလိုမျိုး စစ်အင်အားတွေ လျှိုလျှိုဝင်လာတော့ ပစ်ကြတော့မလားဆိုတာ တွေးပြီး ကြောက်ရတယ်။ အခြေအနေ တင်းမာလာရင်တော့ ဆန္ဒပြတာတွေ ပိုဖြစ်လာနိုင်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသား တဦး က ဆိုသည်။
ယင်းဆန္ဒပြပွဲတွင် ဒေသခံပြည်သူများသည် “မကွေးဖက်ဒရယ် ယူနစ်အစိုးရ တို့အစိုးရ”၊ “စစ်အနိုင်တိုက်ရေး ရှေ့ရှုကြ”၊ “မိတ်ဖက်ပဋိပက္ခ အလိုမရှိ” စသည့် ဆောင်ပုဒ်များကို ကိုင်ဆွဲကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် ရေနံမှော်ဒေသရှိ အရပ်သားများသည် လမ်းလျှောက်သပိတ်များအပြင် ဈေးဆိုင်များ တံခါးပိတ်ကာ ရေနံမှော်ဒေသအတွင်း ရောက်ရှိလာသည့် NUG အစိုးရ၏ တပ်များကို ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးသည်တွေကလည်း ဈေးမရောင်းကြဘူး။ ရေသောက်ဖို့တောင် မလွယ်ကူကြပါဘူး။ တချို့လည်း အဝေးကြီးတွေ သွားဝယ်ကြတယ်။ ရဲဘော်လေးတွေ အပေါ်မှာ တကယ် စိတ်မကောင်း ဖြစ်ရတယ်” ဟု သပိတ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီး တဦး က ဆိုသည်။
ယမန်နေ့ကလည်း မြိုင်နှင့် ပေါက်မြို့နယ် အတွင်း ရေနံမှော်များရှိ လုပ်သားပြည်သူများ ပူးပေါင်းကာ ဆန္ဒပြခဲ့ပြီး ယနေ့ ဆန္ဒပြပွဲတွင် ပခုက္ကူခရိုင်အတွင်းက ကျေးရွာများ ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ က မြိုင် နှင့် ပေါက်မြို့နယ် များရှိ ရေနံမှော်ဒေသသို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF တပ်ဖွဲ့ ဝင်များ အလုံးအရင်း နှင့် ဝင်ရောက် လာ ပြီးနောက် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ များ နှင့် စစ်ရေးတင်းမာခဲ့ကြသည်။
အမျိုသား ညီညွတ်ရေးအစိုးရ (NUG) နှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့က ယမန်နေ့ (ဧပြီလ ၂ ရက်) ညပိုင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်နာဝန်ရှိသူများက အွန်လိုင်းမှတဆင့် တွေ့ဆုံကာ အလေးထားဆွေးနွေးခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်ထားသည်။ ယနေ့ ( ဧပြီ ၃ ) ရက်တွင်လည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး တပ်များသည်လည်း ရေနံမှော်ဒေသကို ဝိုင်းပတ်ထားဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး