မြိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု PDF ၆ ဦး သေဆုံး ၊ ၈ ဦး ဒဏ်ရာရ

မဇ္ဈိမ။ ။ မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမှော်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့၍ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုရေနံမှော်သည် မြိုင်နှင့် ပေါက်မြို့နယ် အစပ်တွင်ရှိပြီး ယမန်နေ့(ဧပြီ ၄ ရက်) ညနေ ၂ နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာ ငါးစီးဖြင့် ၁၁ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဗုံးတွေအပြင် ရော့ကဒ်တွေနဲ့ပါ ပစ်ခတ်ခံရတာပါ။ တစီး ပြီးတစီး ပျံဝဲပြီး ပစ်ခတ်တာ မိနစ် ၃၀ လောက်ကြာမယ်ဗျ ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီးနောက် ပြင်းထန်ဒဏ်ရာရသူ တဦး သေဆုံးသွား၍ စုစုပေါင်းသေဆုံးသူ ခြောက်ဦးအထိ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ က မြိုင် နှင့် ပေါက်မြို့နယ် များရှိ ရေနံမှော်ဒေသသို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ PDF တပ်ဖွဲ့ ဝင်များ အလုံးအရင်းနှင့် ဝင်ရောက်နေရာယူခဲ့သည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသွားသူများမှာ MOD-PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ပြောသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့က ဧပြီလ ၂ ရက်နှင့် ဧပြီလ ၃ ရက် က ရေနံမှော် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နှစ်ဖက် တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း ထုတ်ပြန်ထားသည်။
မြိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားသည့် ကန်နီ ၊ သရက်ကန် ၊ တွင်းမ ပျူပူးပေါင်းတပ်စခန်း သုံးခုသာ ကျန်ရှိပြီး ဝတ်ပုတ် ၊ သရက်ကွ၊ ကိုင်းတောမ နယ်မြေရဲစခန်းနှင့် Well 2 ရေနံမြေစခန်းတို့အား တော်လှန်ရေးအင်အားစုများက သိမ်းပိုက် ထိန်းချုပ်ထားခြင်း ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ – ဖလံကိုင်း ရေနံမှော် ဗုံးကြဲခံရပြီးနောက် ပျက်စီးမှုများ ။ ထိုရေနံမှော်ကို ဧပြီလ ၄ ရက်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာ ငါးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ( We love Myaing)