စစ်အာဏာရှင်စနစ် ‘အပြီးတိုင်ချုပ်ငြိမ်းရေး’ အတူလက်တွဲချီတက်ရန် (၅၈) နှစ်မြောက် ကယောအမျိုးသားနေ့တွင် CRPH တိုက်တွန်း

စစ်အာဏာရှင်စနစ် ‘အပြီးတိုင်ချုပ်ငြိမ်းရေး’ အတူလက်တွဲချီတက်ရန် (၅၈) နှစ်မြောက် ကယောအမျိုးသားနေ့တွင် CRPH တိုက်တွန်း


မဇ္ဈိမ ။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ကျရောက်သည့် (၅၈) နှစ်မြောက် ကယောအမျိုးသားနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာထဲတွင် စစ်အာဏာရှင်စနစ်ကို “အမြစ်ပြတ်” တိုက်ထုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲလျှောက်လှမ်းကြရန် တိုက်တွန်းလိုက်သည်။

“စစ်အာဏာရှင်စနစ်ဆိုး အပြီးတိုင် ချုပ်ငြိမ်းစေကာ လူမျိုးတိုင်း၏ ဂုဏ်သိက္ခာကို အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ရောက်ရှိသည်အထိ လက်တွဲချီတက်သွားမည် ဖြစ်ပါသည်” ဟု CRPH ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုနှစ် ကယောအမျိုးသားနေ့သည် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလနှင့် ကြုံတောင့်ကြုံခဲ တိုက်ဆိုင်နေခြင်းဖြစ်ပြီး ယင်းမှာ နှစ်သစ်တွင် ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည့် နိမိတ်ကောင်းတရပ်ဖြစ်ကြောင်း ဆိုသည်။

နှစ်ဟောင်းမှ စနစ်ဆိုးများကို နှစ်သစ်ရေစင်ဖြင့် ဆေးကြောကာ ကယောတိုင်းရင်းသားများ မျှော်လင့်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝရရှိမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ လှမ်းတက်နိုင်ရန်လည်း ဆုမွန်ကောင်း တောင်းထားသည်။

ကယောတိုင်းရင်းသားတို့၏ မူလအမည်နာမကို ပြန်လည်ရရှိရန် ၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် တောင်းဆိုဖော်ထုတ်ခဲ့သည်ကို အစွဲပြု၍ ကယောအမျိုးသားနေ့ကို သတ်မှတ်ကျင်းပလာခဲ့ရာ ယနေ့ဆိုလျှင် ၅၈ နှစ်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“(၅၈) နှစ်ကြာ ကယောတော်လှန်ရေး သမိုင်းတလျှောက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြရသော ကယောအမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ကယောအာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်” ဟု ဖော်ပြထားသည်။

မဟာမိတ်တော်လှန်ရေးအင်အားစုများ စုစည်းရခြင်းသည် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရန်သာမက ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းများကို အတူတကွ ကာကွယ်ရန်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။

တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်လေးစားမှုဖြင့် ခိုင်မာသော ညီညွတ်မှုကို တည်ဆောက်သွားမည်ဟုလည်း CRPH က ဆိုသည်။

စာတည်း။ ။ နောင်နောင်