နမ္မတူမှာ သက်ငယ်အဓမ္မပြုကျင့်မှု ထပ်မံဖြစ်ပွါးပြီး ကျူးလွန်သူကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

မိုင်းဇိူမ်းဆငဲ၊ ဒီဇင်ဘာ ၂၁ ရက်၊ နမ္မတူ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲက နောက်ထပ်ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဖြစ်စဥ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် နမ္မတူမြို့နဲ့ သီပေါမြို့ကြားထဲမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အသက် ၂၄ အရွယ်ရှိ ကိုအောင်ဌေးက အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ နန်းစိန် (အမည်လွဲဲ) ကို ခြိမ်းခြောက်ပြီး အဓ္မမပြုကျင့်ခဲ့တာလို့ သိရပါတယ်။
နန်းစိန် (အမည်လွဲ) ဟာ ကျောင်းပိတ်ရက်တိုင်းမှာ သူ့ညီအမတွေနဲ့ တောင်ယာမှာရှိတဲ့မိဘတွေကို တောင်ယာအလုပ်ကူလုပ်ပေးလေ့ရှိတဲ့လူ ဖြစ်ပြီး အဲတနင်္ဂနွေနေ့ ညပိုင်း ၇ နာရီနဲ့ ၈ နာရီအချိန်မှာ တောင်ယာမှာ မိဘတွေမရှိတဲ့အချိန်ဖြစ်တာကြောင့် ညီအစ်မတွေနဲ့သာရှိတဲ့နေရာကို ကိုအောင်ဌေးက လာရောက်ပြီး နန်းစိန် (အမည်လွဲ) ကို အဓမ္မပြုကျင့်သွားခဲ့တာလို့ စုံစမ်းသိရပါတယ်။
“ငါက ပလောင်စစ်သားပဲ။ လူတွေက ငါ့ကို ဒီမှာအိပ်ခိုင်းတာ။ အပြင်မှာ စစ်သားတွေစောင့်နေတယ်။ နင်တို့အော်ရက် ငါ့ဓားနဲ့ သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်က ရဲတပ်ဖွဲ့တွေထံ ထွက်ဆိုခဲ့ပါတယ်။
နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်တုန်းကလည်း အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။
သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်သူတွေကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ သိရပေမဲ့ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်သွားမလဲဆိုတာ သိရှိခြင်းမရှိသေးသလို ကျူးလွန်ခံရသူတွေ အတွက် တရားမျှတမှု ရရှိအောင် အရေးယူဖို့ မိသားစုဝင်တွေက မျှော်လင့်နေပါတယ်။
ကိုးကန့်တပ် – MNDAA မှာတော့ ဒီလိုသက်ငယ်အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးလေ့ရှိပါတယ်။