မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အဓ္ဓမပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ချင်းကာကွယ်ရေးတပ်-အရှိုထံ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ရဲမာန်၊ ဒီဇင်ဘာ ၂၅ ရက်၊ မကွေး
မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အဓ္ဓမပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ချင်းကာကွယ်ရေးတပ်-အရှိုထံ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တွေမှာ နတ်ရေကန်လမ်းဟောင်း ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်မှာ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်း က ရွှေဖီမြေကို ပြောပါတယ်။
“သူတို့က မင်းဘူးခရိုင်တပ်ရင်း ၈ ကနေ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့နဲ့ နီးစပ်လို့ ဖုန်းနဲ့ဆက်သွယ်ပြီးတော့ အလင်းဝင်လာတာပါ။ သူတို့က မင်းဘူးခရိုင်တပ်ရင်း ၈ ထံကို ပြန်ကြမှာပါ။ မင်းဘူးခရိုင်တပ်ရင်း ၈ က တာဝန်ယူပြီးတော့မှ သူတို့မိသားစုတွေဆီ ပြန်ပို့မှာပါ”
စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်သာ ခံနေရတဲ့ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီး စစ်မြေပြင်က လူငယ်တွေအနေနဲ့ ချင်းကာကွယ်ရေးတပ် – အရှိုထံအချိန်မရွေး ဘက်ပြောင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူတိုင်းရဲ့ အသက်နှင့်လုံခြုံမှု ရရှိစေရေးအတွက် အာမခံကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုက အသိပေး ပြောဆိုထားပါတယ်။