ရွေးကောက်ပွဲ အပိုင်း(၂) ပါ စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် လုံခြုံရေးနှင့်လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်

ရွေးကောက်ပွဲ အပိုင်း(၂) ပါ စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် လုံခြုံရေးနှင့်လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်

လာမည့် တနင်္ဂနွေနေ့(ဇန်နဝါရီလ ၁၁ ရက်)တွင် ပြုလုပ်မည့်ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် စစ်ကိုင်းတိုင်းမှ မြို့နယ် အများစုတွင် စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်လိုက်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ သုံးမြို့နယ်တွင် ဒေသခံ တစ်ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

အဆိုပါရွေးကောက်ပွဲအပိုင်း (၂ ) တွင် စစ်ကိုင်းတိုင်း ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နှင့် ရေဦး စသည့် ၁၁ မြို့နယ် ပါဝင်သည်။

ထိုမြို့နယ်များအနက် ချောင်းဦး၊ မင်းကင်း၊ ဝန်းသိုမြို့ဝန်းကျင်ကျေးရွာများကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချင်းဒေသနှင့် နိုင်ငံအလယ်ပိုင်းကွပ်ကဲရေးအတွက် အရေးပါသော စစ်ဌာနချုပ်တစ်ခုဖြစ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်သည့် မြို့တော် မုံရွာနှင့် ၁၈ မိုင်ခန့်သာဝေးသည့် ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို  ဇန်နဝါရီလ ၇ ရက်နေ့တွင် ဂျိုင်ရိုကော်ပတာများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

နမခမှ တက်လာသည့် ဂျိုင်ရိုကော်ပတာသည် မွန်းလွဲ တစ်နာရီဝန်းကျင်ခန့်တွင် လက်ဘက်ရည်ဆိုင်အား ပစ်ခတ်တိုက်ခိုက်ခဲ့အပြီး ၁၅ မိနစ်ခန့်အကြာတွင် နောက်ထပ် ဂျိုင်ရိုကော်ပတာ နှစ်စီးသည် ထိုနေရာကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း မြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဖြစ်စဉ်ကို ပြောပြသည်။

“ပထမတစ်ကြိမ်က နေ့လယ် ၁ နာရီဝန်းကျင်လောက်ပေါ့။ ဒုတိယတစ်ကြိမ်က သိပ်မကွာဘူး။ ၁၅ မိနစ် လောက်နေတော့ ထပ်တက်လာပြီး ပစ်သွားတာ။ အဓိကတော့ ကယ်ဆယ်ရေးလုပ်နေတဲ့ အချိန်ကို နှောင့်နှေးကြန့်ကြာအောင် တစ်ကြောင်း၊ ထပ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိတိုက်တယ်လို့ ယူဆရတယ်”ဟု ၎င်းက ဆိုသည်။

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း တောကျောင်းလေးရွာသည် ချောင်းဦးမြို့နှင့် ရှစ်မိုင်ခန့်သာကွာဝေးပြီး မြေပြင်စစ်ကြောင်းမရှိသလို တိုက်ပွဲလည်းမရှိဟု ထိုသူက ပြောသည်။

ချောင်းဦးမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှုအားကောင်းပြီး  ဆက်သွယ်ရေးအရ အရေးပါသည့် မုံရွာ- မန္တလေးလမ်းပိုင်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် စစ်တပ်ကို မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများလုပ်လေ့ရှိသည်။

ရွေးကောက်ပွဲလုပ်မည့် ချောင်းဦးမြို့ပေါ်၌ စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် သံပြားကာ ကားသုံးစီးဖြင့် အင်အား ဖြည့်တင်းထားသလို  မဲရုံနေရာများတွင်လည်း လုံခြုံရေးအင်အား ထပ်တိုးဖြန့်ချထားကြောင်း စုံစမ်းသိရသည်။

ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် မင်းကင်းမြို့နယ်တွင်လည်း မြို့အနီး မုံဒင်းရွာကို ဇန်နဝါရီလ ၇ရက် နေ့လယ်က ဂျိုင်ရိုကော်ပတာဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

“ရွာထဲကို ကြဲတာ။ တိုက်ပွဲလည်းမရှိဘူး။ မြေပြင်စစ်ကြောင်းမရှိဘူး။ ၁၁ ရက်နေ့ မဲရွေးမှာဆိုတော့ မဲရွေးမှာကို အနှောင့်အယှက်ပေးမှာစိုးလို့ လာချတယ်လို့ ယူဆတာ”ဟု မင်းကင်းမြို့နယ် ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

အလားတူ ဝန်းသိုမြို့ အရှေ့ဘက် နမ်းခမ်းရွာထဲကို ယမန်နေ့ည ၇ နာရီခွဲကျော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။

တိုက်လေယာဉ်တစ်စီးက လမ်းဆုံ၊ စာသင်ကျောင်းအဟောင်းနှင့် ဈေးဆိုင်များရှိရာသို့ ဗုံးကြဲသည့်အပြင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် ဦးခေါင်းတွင် ဗုံးစထိမှန်သည့် အသက် ၅၈ နှစ်အရွယ် အမျိုးသမီးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“ပြည်သူတွေနေတဲ့နေရာတွေပါ။ တိုက်ပွဲတို့၊ စစ်ကြောင်းတို့လည်း မရှိပါဘူး။ တော်လှန်ရေးအဖွဲ့တွေ လည်းမနေပါဘူး” ဟု ဝန်းသိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ရွေးကောက်ပွဲကျင်းပမည့်မြို့နယ်တစ်ခုဖြစ်သည့် ဝန်းသိုမြို့နယ်တွင် အနီးဝန်းကျင်ကျေးရွာများသို့ ဒီဇင်ဘာလလယ်မှစပြီး စစ်တပ်က မကြာခဏစစ်ကြောင်းထိုးပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ (၃၃) လက်အောက်ခံ  ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၁၂၀ နှင့် ၁၁၁ တို့အခြေစိုက်ရာ ဝန်းသိုမြို့မှ လူထုအနေဖြင့် လူသားဒိုင်းမဖြစ်စေရေးအတွက် ရွေးကောက် ပွဲမတိုင်မီနှစ်ရက်အလို ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထားပြီး ဝန်းသိုမြို့တွင်းမှ ထွက်ခွာကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။

ထို့ကြောင့်  ဒေသခံအချို့ကို မြို့ပေါ်မှ ထွက်ခွာနေကြသေည်လည်း စစ်တပ်က ရွေးကောက်ပွဲ ဆက်လုပ်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲကတော့ စစ်တပ်နဲ့ ဝန်းသိုမြို့ပေါ်မှာပေါ့။ လူကတော့အများကြီးမရှိပါဘူး နည်းနည်းပါးပါးပေါ့။ စစ်တပ်မိသားစု၊ ကြံ့ခိုင်ရေးမိသားစုလောက်နဲ့ပဲ အဲ့ဒါနဲ့ပဲအဖြစ်လုပ်လို့ရမှာပေါ့။ ရွေးကောက်ပွဲလို့သာ ပြောတာ မြို့ပေါ်မှာရှိတဲ့ လူလေး သုံး၊လေးရာလောက်နဲ့ ဖြစ်အောင်လုပ်ချင်လုပ်မှာပေါ့” ဟု အထက်ပါ ဝန်းသိုတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ရွေးကောက်ပွဲရှိသလို မန္တလေးတိုင်းမှ လေးမြို့နယ်ထက်မနည်းမှ စစ်ရှောင် သောင်းနှင့်ချီလည်း ခိုလှုံလာသော စစ်ကိုင်းတိုင်းကို ယခင်နှင့် ယခုလအတွင်း နေ့စဉ်နီးပါး လေကြောင်းမှ ပစ်ခတ်ဗုံးကြဲနေသည်။

Myanmar Now ၏ အချက်အလက်များအရ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉၀ နီးပါး သေဆုံးခဲ့ရသော စစ်ကိုင်းတိုင်းတွင် ယခုလ ၈ ရက်နေ့အထိ မြို့နယ် ၁၆ ခုဖြစ်သည့် မုံရွာ၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ကသာ၊ အင်းတော်၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ မြောင်၊ ဝက်လက်၊ ရွှေဘို၊ ပုလဲ၊ မင်းကင်း၊ ဝန်းသို၊  ချောင်းဦး စသောမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်ခံရပြီး ၂၇ ဦး သေဆုံးကာ ၆၃ ဦးထက် မနည်း ဒဏ်ရာ ရှိခဲ့သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က ခင်ဦးမြို့နယ်လေကြောင်းတိုက်ခိုက်မှုတစ်ခု။ (ဓာတ်ပုံ-မိုးဦး/Myanmr Now)


ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်

စစ်တပ်နယ်မြေစိုးမိုးထားသည့် မင်းကင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစပြီး ရေကြောင်းကုန်းကြောင်းမှ တဆင့် မြို့အဝင်အထွက် တင်းကျပ်ထားကာ မြို့အနီးဝန်းကျင်ကိုလည်း လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ မြို့ကိုအဝင်အထွက်တွေကို ၈ ရက်နေ့ကစပြီး မဲပေးရွေးချယ်ပြီးသည်ထိ အဝင်အထွက်တွေကို ပိတ် ထားပါတယ်။… မြိုပေါ်မှာတော့ ကင်းတွေ နေ့ည ၂၄ နာရီချထားတယ်။ ညစဉ်ဆိုရင်လည်း ဝင်ရောက် စီးနင်းမှာစိုးတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တာ အဲ့ဒါကတော့ ၆ ရက်နေ့တည်းက စတာ”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲလုပ်မည့် ရေဦးမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းမှတဆင့် အင်အားဖြည့်ထားပြီး မြို့အနီးဝန်းကျင်ကျေးရွာများသို့ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက မြေပြင်စစ်ကြောင်းထိုးနေသည်။

ဇန်နဝါရီလ ၆ ရက်နေ့က မြို့အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးစဉ်တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်အင်အားထပ်ဖြည့်ပြီး ညဘက်အထိတိုက်ပွဲပြင်းထန်ခဲ့သလို ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နံနက်ပိုင်းတွင်လည်း မြို့အနောက်ပိုင်းကျေးရွာများသို့ စစ်ကြောင်းဝင်လာသဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အဓိကတော့ သူတို့မြို့အခြေအနေကိုတော့ အထွက်ပြနေတယ်။.. မြို့ထဲမှာအင်အား ၁၀၀ လောက် ထပ်ဖြည့် ထားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က 17 (Mi 17 ရဟတ်ယာဉ်) နဲ့ သုံးခေါက်လာချထားတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပချိန်တွင် တော်လှန်ရေးအင်အားစုများက မြို့အချို့ကိုတိုက်ခိုက်မှုပြုလုပ် ခဲ့သည့်အတွက် ရွေးကောက်ပွဲအပိုင်း (၂)မတိုင်မီတွင် မြို့အနီးဝန်းကျင်အား စစ်ရေးလှုပ်ရှားမှုများ လုပ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

“ကျွန်တော်တို့ဆီက တိုက်ခိုက်မှုကိုအလာစောင့်တာ မဟုတ်ဘဲ သူတို့က ပြန်ပြီးထိုးစစ်ဆင်မယ့်ပုံမျိုး အဲ့ဒီလိုအရိပ်အယောင်တော့ပြနေတယ်။ ရှေ့ (အပိုင်း ၁)မြို့နယ်တုန်းက မရှိလိုက်ဘူး။ ရှင်းလင်းရေး မလုပ်ခင်တုန်းက ကာကွယ်ရေးအဖွဲ့တော်တော်များများက ဝင်လုပ်လိုက်တာဆိုတော့ သူတို့ပြင်ဆင် ချိန်မရလိုက်ဘူး။ ဒါကတော့ သူတိုရှေ့ကသင်ခန်းစာနဲ့ ကြည့်တဲ့ သဘောတရားတော့ ထင်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပသည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကသာမြို့ကို PDFနှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို မုံရွာနှင့်ကပ်လျက် ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ခြေကုပ်ယူထားသည့်နေရာများကို စီးနင်းတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က မြို့ပေါ်စစ်စခန်းများ တိုက်ခိုက်ခံခဲ့ရသည့် ဘုတလင်မြို့နယ်တွင်လည်း စစ်တပ်က ရွေးကောက်ပွဲလုပ်ရန်ပြင်ဆင်နေပြီး အင်အားထပ်မံဖြည့်တင်းရန် ပြင်ဆင်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

“ ရွေးကောက်ပွဲအတွက်တော့ သူတို့ကပြင်ဆင်တယ်။  မြို့ပေါ်မှာလည်း လူက သုံးပုံတစ်ပုံလောက်ပဲ ရှိတာ။ နှစ်ဖက်စောင့်ကြည့်အနေအထားဆိုတော့ တိုက်ပွဲက လောလောဆယ်တော့ရပ်ထားတယ်”ဟု ဘုတလင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲအပိုင်း (၂)ကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးရှိမြို့နယ် ၁၀၀ တွင် ပြုလုပ်ရန် လျာထားပြီး နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ စလင်း၊ ပဲခူးတိုင်း မင်းလှ၊ မိုးညို စသည့်မြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်းထန်နေသည်။

စစ်တပ်ကျင်းပနေသည့်ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် လူထုအနေဖြင့် ရွေးကောက်ပွဲတွင်ပူးပေါင်းပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

အပိုင်း (၁) ကို ၁၀၂ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ တိုက်ခိုက်မှုအချို့ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းနိုင်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော် လာရောက်မဲပေးခဲ့ကြောင်း၊ အပိုင်း (၁) တွင်ကြုံခဲ့ရသည့် အားနည်းချက်များကို သုံးသပ်ပြီး လုံခြုံရေးဆိုင်ရာအစီအမံများဆောင်ရွက်ရန် ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပပြီးစီးခဲ့ပြီး အပိုင်း(၂)ကို လာမည့် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ၊ အပိုင်း(၃)ကို ဇန်နဝါရီလ ၂၅ ရက်တွင် ၆၃ မြို့နယ်၌ လည်းကောင်း ကျင်းပသွားမည် ဟု ကြေညာထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ကြောင်း လှုပ်ရှားမှု။  (ဓာတ်ပုံ – ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ)