ဆီ မှောင်ခို ခိုးထုတ်သည့် မြန်မာနိုင်ငံသားကို ထိုင်း ဖမ်းဆီး

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီ တင်ပို့မှုကို ပိတ်ပင်လိုက်ပြီး ရက်ပိုင်းအတွင်း ဒီဇယ်ဆီ ၁၂၀ လီတာကို ထိုင်းနိုင်ငံပြင်ပသို့ မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားတဦးကို မတ် ၁၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့က မတ် ၉ ရက် ညဉ့်နက်ပိုင်းတွင် မြန်မာနယ်စပ်နှင့် မီတာ ၃၀ ခန့်အကွာ၌ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို တားဆီးစစ်ဆေးရာ ဆိုင်ကယ်ဘေးတွဲဖြင့် လီတာ ၃၀ ဆံ့ ဒီဇယ်ပုံး လေးပုံး တင်ဆောင်လာသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအတိုင်း မဟုတ်ဘဲ ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းနှင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
ည ၁၁ နာရီဝန်းကျင်တွင် ရဲအရာရှိများက ၎င်း၏ ဘေးတွဲကို ရပ်တန့်ခိုင်းရာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံအထောက်အထား မပါရှိသည့်အပြင် စက်သုံးဆီများ အပြည့်ထည့်ထားသည့် ပုံးများကိုပါ တွေ့ရှိခြင်း ဖြစ်သည်။
“စစ်ဆေးမေးမြန်းတဲ့ ဒီ ဒီဇယ်ဆီတွေကို မြန်မာဘက် သယ်ဆောင်ဖို့ဆိုတာကို အဲဒီလူ ကိုယ်တိုင်က ဝန်ခံတယ်” ဟု ရဲတပ်ဖွဲ့က ပြောသည်။
မှောင်ခို ခိုးထုတ်လာသော စက်သုံးဆီ ပမာဏမှာ ပစ်ကပ်ကားကြီးတစီး၏ ဆီတိုင်ကီတလုံးစာခန့် ရှိသည်။
အီရန်အား အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင် တိုက်ခိုက်ရာမှ ဖြစ်ပွားလာသော အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုများ အနှောင့်အယှက် ဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများထံမှ တင်ပို့မှုအပေါ် များစွာ မှီခိုနေရသော အာရှနိုင်ငံများတွင် စျေးနှုန်း အတက်အကျများ ဖြစ်ပေါ်သည်။
ထိုင်းနိုင်ငံက စက်သုံးဆီ လက်ကျန်ကို ထိန်းသိမ်းရန်အတွက် ပြည်ပသို့ တင်ပို့မှုများကို ရပ်ဆိုင်းလိုက်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ခြင်း ဖြစ်သည်။
The Straits Times မှ Thai police arrest Myanmar man over alleged fuel smuggling amid export ban due to Mid-East war ကို မိုးသဲ ဘာသာပြန်သည်။
Tagged MizzimaBurmeseNews, ဆီမှောင်ခို, ထိုင်း, မဇ္ဈိမသတင်းဌာန, မြန်မာနိုင်ငံသား
Post navigation