သရက်ချောင်း ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ် သိမ်းပိုက်ရရှိ

မဇ္ဈိမ။ ။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ အချိန်တလကျော်ကြာ တိုက်ခိုက်နေခဲ့သည့် တနင်္သာရီ တိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းအား မတ်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုသည်။
မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်းအား ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး တလကျော်ကြာ ယမန်နေ့ (မတ်လ ၁၁ ရက်) ညနေ ၄ နာရီ အချိန်တွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရမိခြင်းရှိသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်ကာလတလျှောက် စစ်ကော်မရှင်တပ်က နေ့စဉ်နီးပါး လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ကနက်သီရီရွာနှင့် ကပ်လျက်ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူခြင်းအပြင် မြေပြင်မှ စစ်ကူစစ်ကြောင်းပါ ပေးခဲ့သော်လည်း လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ – ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။ မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်းအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ (KNU)
ဝင်းဝစခန်းသိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကော်မရှင်တပ်က စခန်းအနီးရှိ မင်းဒပ်ရွာအပါအဝင် သရက်ချောင်း အောက်ဘက်ရှိ ရွာများအား မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စခန်းသိမ်းနိုင်သည့် ယမန်နေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းရှိသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ဝင်းဝစခန်းအနီးရှိ ဂုံညင်းဆိပ်ရွာအနီးတဝိုက်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ရှိခဲ့ကြောင်း သိရသည်။
“ အဲဒီဖြစ်နေရာအောက်ဘက် ဂုံညင်းဆိပ်အနီးတဝိုက်ကို မနက် ၁၀နာရီကျော်က ဗုံးကြဲပြီးစက်သေနတ်နဲ့ပစ်သွားသေးတယ်ဗျ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ – ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။ မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်းအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ (KNU)
စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်ဘက်ကသာမက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များဘက်တွင်လည်း ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။
https://bur.mizzima.com/wp-content/uploads/2026/03/signal-2026-03-12-130744_004.jpg
“လုံခြုံရေးအရတော့ နည်းနည်းတော့ သတိထားရမှာပါ့။ ဒါပေမယ့် သေချာတာ တခုကတော့ အဲ့ဒီနေရာ ကျွန်တော်တို့ ပိုင်နိုင်ပြီ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ဝင်းဝစခန်းသိမ်းနိုင်သည့်အခြေအနေနှင့် ပတ်သက်၍ ယမန်နေ့ ညနေပိုင်းက မဇ္ဈိမသို့ ပြောသည်။
တိုက်ပွဲများနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ဝင်းဝ၊ သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ စုံစင်ဖျား အပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က အရပ်သားပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။
စာတည်း။ ။ နောင်နောင်