ဖာပွန်ခရိုင်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ

မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း ပါဝင်သည့် ကျေးရွာလေးရွာထက်မနည်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ အရပ်သားနှစ်ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။
မတ်လ ၁၁ ရက်နေ့ တရက်အတွင်း ဒွယ်လိုးမြို့နယ် KNU အုပ်ချုပ်နယ်မြေအတွင်းပါဝင်သည့် ဝက်ခေါပ၊ ဝင်မောင်း၊ မလေးကျောက်၊ ဖားဝါ့ထ၊ မဲပန်ဝ အစရှိသည့် ဒေသခံများ နေထိုင်ရာနေရာများဘက်သို့ ဂျက်ဖိုက်တာဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲသွားခြင်းဟု သိရသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဖားဝါ့ထရွာမှ ဒေသခံနှစ်ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဝက်ခေါပရွာတွင် အမျိုးသမီးတဦး၊ မလေးကျောက်ရွာတွင် ဒေသခံခုနစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ စုစုပေါင်း နှစ်ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ပထမက မဲပလီချောင်းဝနား၊ ဖောင်မောင်းနေတဲ့ မျောစင်နှုတ်ခမ်းကို တလုံးကျပြီး အမျိုးသမီးတယောက် ထိတယ်။ နောက်တစီးလာတော့ မလေးကျောက်နားက ရွှေစက်တဲတွေထဲကို ပစ်သွားတာ၊ မီးတွေလည်း လောင်တယ်။ လူ ခုနစ်ယောက် ဒဏ်ရာရတယ်။ တတိယတကြိမ်ကျတော့ ဖားဝါ့ထရွာ၊ ကျောက်တောင်အောက်နားက ရွှေစက်ကို ပစ်တာ အဲ့ဒီမှာ ထိတာများတယ် နှစ်ယောက်သေတယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတယ်။ နောက်ထပ်တကြိမ်ကျတော့ မဲပန်ဝ မဲဝိုင်ရွာအောက်နားကိုကြဲတာ။ အဲ့ဒီမှာတော့ ထိခိုက်မှုမရှိဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ သူတို့က စစ်အာဏာရှင်ဖြစ်တဲ့အပေါ်မှာ သူတို့ထိန်းချုပ်လို့မရတဲ့ ဒေသတွေအကုန်လုံးကို ရန်သူလို့ပဲ သတ်မှတ်ပြီးတော့ လိုက်ပြီးတော့ လေယာဉ်ပျံနဲ့ လိုက်ပစ်တယ်၊ မောင်းထုတ်တဲ့သဘောပေါ့။ သေတဲ့သူက သေ၊ မသေတဲ့သူကို ဒီနေရာကနေ မောင်းထုတ်တဲ့သဘော ကြဲတာပေါ့။ သူတို့က သူတို့ရဲ့ အာဏာကို ထိပါးတဲ့သူ ဘယ်သူမဆို ရှောင်မှာမဟုတ်ဘူး” ဟု ပြောသည်။
အဆိုပါနေ့တွင်ပင် ဖာပွန်မြို့နယ် ရပ်ကွက် (၄) ရှိ ဘုရားကျောင်းနှင့် ကျမ်းစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲခဲ့ရာ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
ယနေ့ (မတ်လ ၁၂ ရက်) တွင်လည်း တပ်မဟာ (၅) နယ်မြေ မဲဝိုင်ဒေသဘက်တွင်လည်း လေကြောင်းဗုံးကြဲခံရမှုရှိကြောင်း သတင်းရင်းမြစ်ထံက သိရသော်လည်း အသေးစိတ်အခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကော်မရှင်တပ်၏ အကြီးမားဆုံးတပ်စခန်းဖြစ်သည့် ဖာပွန်ဗျူဟာ၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ တင်းမာနေပြီး စစ်ကော်မရှင်တပ်၏ မြေပြင်ထောက်ပို့ရေးလုပ်ငန်းလုပ်ဆောင်နိုင်သည့် လမ်းကြောင်းများအား ဆက်လက်ပိတ်ဆို့ထားကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်