ပခုက္ကူတွင် စစ်ကော်မရှင် စစ်ကြောင်း ကြားဖြတ်တိုက်ခံရ၍ ၅ ဦးသေဆုံးပြီးနောက် တပ်ဆုတ်ခွာ

ဓာတ်ပုံ – ပခုက္ကူမြို့နယ်အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PLA နှင့် မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်စဉ်။ (ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA)
မောင်ခက်နွေ
မဇ္ဈိမ ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှပ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ငါးဦးသေဆုံးပြီးနောက် တပ်ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီ ဝန်းကျင်အထိ လေးနာရီကြာ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယမန်နေ့(မတ်လ ၁၆ ရက်) က သတင်းထုတ်ပြန်သည်။



ပခုက္ကူမြို့နယ်၊ ကန်တော်ရွာစခန်းမှ ညောင်ဂျစ်ပင် (ပျူစောထီးရွာ) သို့ ဦးတည်ထွက်ခွာလာသည့် အင်အား ၇၀ ခန့်ပါ ထိုခြေလျင်စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရပြီးနောက် ကန်တော်ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက “အဲဒီ ညောင်ဂျစ်ပင်ရွာကတော့ ပျူရွာဗျ။ ပျူရွာဆိုတာ အဲဒီရွာမှာ ထိုင်တဲ့ အဲလိုမျိုး ဘုန်းကြီးပေါ့နော်။ ဘုန်းကြီးကိုယ်တိုင်က ကမကထ လုပ်ပြီးတော့ စုဖွဲ့ထားတဲ့ ပျူရွာပေါ့ဗျာ။ ဒရုန်းချတဲ့ အချိန်မှာ ထိခိုက်တာနဲ့ ပစ်ခတ်မှုမှာ ဒီရန်သူ့ဘက်က ဒီတိုက်ပွဲထဲမှာ ထိခိုက်တာပေါ့နော်။ ထိခိုက်မှု ပျက်စီးမှု မျက်မြင်တွေ့တာတွေ ငါးဦးလောက်။ အဲလိုမျိုး ငါးဦးအထက်ပေါ့နော် ထိခိုက်ဒဏ်ရာရတာမျိုး တွေ့ခဲ့ရတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ PLA ရဲဘော်တဦးနှင့် မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးတို့ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုတိုက်ပွဲတွင် PLA နှင့်အတူ Magway PDF၊ ကမ္မတပ်ပေါင်းစုနှင့် Pakokku Column၊ Anyar Revolution Force – ARFနှင့် Young Force တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်း အနည်းငယ်ကို သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုစစ်ကြောင်းသည် ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနှင့် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းများသို့ လှည့်လည်သွားလာနေသည့် စစ်ကြောင်းဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်ခံရမှုကြောင့် ကန်တော်ရွာစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး