ကျောက်ကြီးတွင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး

ကျောက်ကြီးတွင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး

မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် နှစ်နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး ကလေး၏မိခင်နှင့်ဖခင် ထိိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့(မတ်လ ၁၇ ရက်)နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နယ် ဇရပ်ခင်ရွာ၊ နံဇလေးရွာ၊ သဲဖြူရွာတို့အတွင်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ထိုရွာများအပါအဝင် ကျေးရွာပေါင်း ရှစ်ရွာမှ အရပ်သား ၁,၇၄၃ ဦး ထွက်ပြေးကြရကြောင်း KNU က ယနေ့ (မတ်လ ၁၈ ရက်)တွင် သတင်းထုတ်ပြန်သည်။

ထိုသို့ထွက်ပြေးကြစဉ် စစ်ကော်မရှင်တပ်၏ သေနတ်များပစ်ခတ်မှုကြောင့် ဇရပ်ခင်ရွာမှ မိသားစုအား ထိမှန်ပြီး အသက် နှစ်နှစ်အရွယ် ဖိုးသောကြာဆိုသူ ကလေးငယ် သေဆုံးပြီး မိခင်ဖြစ်သူ မလေးခင် နှင့် ဖခင်ဖြစ်သူ ကိုရဲမင်းနိုင်တို့ ထိခိုက်ဒဏ်ရာအသီးသီး ရခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က KNU တပ်မဟာ (၃) နယ်မြေအတွင်း အရပ်သားများအား ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသောကြောင့် အရပ်သားများမှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရသည့်အပြင် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်၏ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သား ၂၈ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အရပ်သား ၁၀ ဦးကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

တပ်မဟာ (၃) နယ်မြေတခုတည်း၌သာမကပဲ မတ်လ ဒုတိယအပတ်အတွင်း၌ တပ်မဟာ (၁) နယ်မြေ သထုံခရိုင်၊ တပ်မဟာ (၄) နယ်မြေ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၅) မူတြော် (ဖာပွန်ခရိုင်)၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်တို့တွင်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲခြင်းများကို နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)