MNDAA နှင့် TNLA ညှိနှိုင်းမှုကို NUG ယာယီသမ္မတကြိုဆိုပြီး တော်လှန်ရေးအကျိုးမထိခိုက်ရန် တိုက်တွန်း

ဓာတ်ပုံအညွှန်း – ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှေ့တန်းစခန်းတခုတွင် ၂၀၂၂ မေလအတွင်း တွေ့ရသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီးလကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဇာနည်ဖြိုး)
မောင်ခက်နွေ
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြိုဆိုလိုက်ပြီး တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုရန် တိုက်တွန်းလိုက်သည်။
ယမန်နေ့(မတ်လ ၁၇)က ထုတ်ပြန်လိုက်တာဖြစ်ပြီး NUG ယာယီသမ္မတ၏ မေတ္တာရပ်ခံချက်တွင် ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ရှိလာသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။
“တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
ထိုသို့ NUG ယာယီသမ္မတ၏ မေတ္တာရပ်ခံချက်အပေါ် NUG အနေဖြင့် နှစ်ဖက်လက်ခံနိုင်သည့် မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းစေ့စပ်ပေးမှုကို လက်တွေ့ကျကျ ပါဝင်ပေးရန် ရှိ၊မရှိနှင့် ပတ်သက်ပြီး NUG ၏ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူကို မဇ္ဈိမက စာပို့၍ ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။
MNDAA နှင့် TNLA အကြား တင်းမာမှုမှာ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ နယ်မြေအုပ်ချုပ်ရေးဆိုင်ရာပြဿနာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် တလအကြာ မတ်လ ၁၄ ရက်တွင် MNDAA က TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့သဖြင့် မတ်လ ၁၆ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက် ညပိုင်းက နှစ်ဖက်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရန် ကနဦးသဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် ယမန်နေ့(မတ် ၁၇)တွင် ပဋိပက္ခကို အသေးစိတ်ဖြေရှင်းနိုင်ရန် နှစ်ဖက်ခေါင်းဆောင်များသည် လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မဇ္ဈိမကို မတ် ၁၇ နံနက်ပိုင်းတွင် ဖြေကြားထားသည်။
ထိုလောက်ကိုင်ဆွေးနွေးပွဲတွင် မည်သည့်ကိစ္စများ ဆွေးနွေးကြောင်းနှင့် မည်သည့် သဘောတူညီမှုများရရှိကြောင်းကို TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။
NUG ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ထုတ်ပြန်ချက်တွင် “နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်” ဟု အထူးပြုဖော်ပြထားပြီး တော်လှန်ရေးအင်အားစုများ၏ ဘုံရည်မှန်းချက်ကို မထိခိုက်စေဘဲ ပြဿနာကို အဆုံးသတ်နိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။