‘အလုပ်သမား ဝန်ကြီးဌာန အိပ်ပျော်နေ’ မြန်မာများ ခေါင်းပုံဖြတ်ခံရမှုများအတွက် အရေးယူရန် စင်ကာပူ၌ တောင်းဆိုမှုများ ပြင်းထန်

‘အလုပ်သမား ဝန်ကြီးဌာန အိပ်ပျော်နေ’ မြန်မာများ ခေါင်းပုံဖြတ်ခံရမှုများအတွက် အရေးယူရန် စင်ကာပူ၌ တောင်းဆိုမှုများ ပြင်းထန်


စင်ကာပူတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံရသည့် အခြေအနေများကို CNA သတင်းက ဖော်ပြခဲ့ပြီးနောက် စင်ကာပူပြည်သူတို့၏ ဝေဖန်မှုများ ပြင်းထန်လာပြီး အွန်လိုင်းအသုံးပြုသူများက ဥပဒေစိုးမိုးရေး အားနည်းချက်များကို မေးခွန်းထုတ်လာကြသည်။

NGO များကလည်း စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ထောက်ပြပြီး နိုင်ထက်စီးနင်း အလွဲသုံးစားမှုများအတွက် တိုင်ကြားသည့် အမှုတွဲများ မြင့်တက်လာကြောင်း ဆိုကာ ပြင်းပြင်းထန်ထန် အရေးယူရန် တိုက်တွန်းခဲ့ကြသည်။

စင်ကာပူ အလုပ်သမားဝန်ကြီးဌာန (MOM) ကမူ မြန်မာများ ခေါင်းပုံဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး “သိသာထင်ရှားသော အခြေအနေ သို့မဟုတ် ဖြစ်ရပ်များ တိုးများလာမှု” ကို မတွေ့ရှိရကြောင်းနှင့် မြန်မာအလုပ်သမားများ၏ ပြဿနာများက အခြားရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် အခြေအနေများအတိုင်းပဲဖြစ်ကြောင်း ပြောသည်။

Channel NewsAsia (CNA) က မတ် ၁၁ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည့် စင်ကာပူရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းဖော်ပြချက် ထွက်ပေါ်လာပြီးနောက် လူထု၏ ဝေဖန်မှုများမှာ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
ထို သတင်းကြောင့် အွန်လိုင်းတွင် တုံ့ပြန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ပြီး၊ ကာလရှည်ကြာရှိနေသည့် ပြဿနာများကို ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာန (MOM) က လုံလောက်စွာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ အွန်လိုင်းအသုံးပြုသူ အများအပြားက မေးခွန်းထုတ်လာကြသည်။

အချို့ကမူ အရေးယူ ထိန်းကျောင်းမှုများ ဆောင်ရွက်ရမည့်သူများက “အိပ်ပျော်နေကြသည်” ဟု အလုပ် မလုပ်သည့်သဘော ရည်ညွှန်း ပြောဆိုကြပြီး သတိပေးချက်များသာ ထပ်တလဲလဲ ထုတ်နေသော်လည်း ဥပဒေစိုးမိုးရေးအတွက် အရေးတယူ ကြိုးပမ်းမှုများကမူ အလွန် နှေးကွေးလွန်းပြီး ထိရောက်မှု မရှိခြင်းအကြောင်း ပြောဆိုကြသည်။

NGOs များထံ ရောက်ရှိလာသော မြန်မာအလုပ်သမားများ၏ အမှုတွဲများမှာ သီးခြား ဖြစ်ရပ်ဖြစ်စဉ်မျိုး မဟုတ်ဘဲ မြန်မာအလုပ်သမားများအပေါ် ကြီးကြီးမားမား သက်ရောက်နေသည့် စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကို CNA ဝါရင့်သတင်းထောက် Aslam Shahအစ္စလာမ်ရှား ဦးဆောင်တင်ပြသည့် သတင်းတွင် ထောက်ပြထားသည်။

မြန်မာ အလုပ်သမား အများစုမှာ တရားဝင် အလုပ်အကိုင် ရရှိမည်ဟု ကတိများကြောင့် စင်ကာပူသို့ ရောက်လာခဲ့ကြသော်လည်း ရောက်လာသည့်အခါ တရားမဝင်သော သို့မဟုတ် ခေါင်းပုံဖြတ်ခံရသည့် အလုပ်များ စေခိုင်းခံရသကဲ့သို့ ကတိအတိုင်း မဟုတ်သည့် အခြားသော အလုပ်များဆီ ပြောင်းလဲပို့ဆောင်ခံကြရသည်။ ထိုပြင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးရသော အလုပ်များဆီလည်း ပို့ဆောင်ခံရခြင်းများ ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့သော အလုပ်များကို ငြင်းဆန်သည့် လုပ်သားများသည် အလုပ်ထုတ်ခံရခြင်း၊ လုပ်ခလစာ လျှော့ချခံရခြင်း သို့မဟုတ် အခြားသော ဖိအားပေးမှု ပုံစံများနှင့် ရင်ဆိုင်ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် အမှုတွဲများ သိသိသာသာ မြင့်တက်လာကြောင်း NGO အဖွဲ့အစည်းများကလည်း အစီရင်ခံ ထုတ်ပြန်ထားကြသည်။ ၂၀၂၂ ခုနှစ်တွင် ကူညီပေးရသည့် မြန်မာအလုပ်သမားများနှင့် ပတ်သက်သော အမှုတွဲ တခုသာ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အမှုတွဲပေါင်း ၁၃၁ ခုအထိ ရှိလာခဲ့ကြောင်း Transient Workers Count Too (TWC2) ၏ အချက်အလက်များက ဖော်ပြသည်။ အလားတူ Humanitarian Organisation for Migration Economics (HOME) အဖွဲ့အစည်းကလည်း ၂၀၂၂ ၌ အမှုတွဲ ၁၂၀ ကျော် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် အမှုတွဲ ၃၅၀ နီးပါးအထိ တိုးလာကြောင်း အစီရင်ခံ ထုတ်ပြန်ထားသည်။

မေရီဟု ဆိုသော မြန်မာအမျိုးသမီးတဦးက အလှပြင်ဆိုင် အလုပ်အတွက် အေဂျင်စီကြေး စင်ကာပူဒေါ်လာ ၅,၈၀၀ ကျော် ပေးခဲ့ရသော်လည်း စင်ကာပူသို့ ရောက်ရှိလာသည့်အခါ သူမသည် အနှိပ်ခန်းတခန််းဆီ ပို့ဆောင်ခံရပြီး တရားမဝင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးရန် ဖိအားပေးခံခဲ့ရသည်ဟု ဆိုသည်။

မြန်မာတွင် ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပြည်ပတွင် အလုပ်အကိုင်ရှာဖွေသူ ပိုမို များပြားလာခြင်းနှင့်အတူ ထိုသို့သော ပြဿနာများ ပိုမို ကြီးထွားလာခဲ့ရကြောင်း CNA သတင်းက ဖော်ပြထားသည်။

TOC မှ ‘MOM sleeping?’ netizens demand tougher action after CNA report on exploitation of Myanmar workers ကို မိုးသဲ ဘာသာပြန်သည်။

ဆက်စပ်သတင်းလင့် – https://bur.mizzima.com/2026/03/12/84717

Tagged MizzimaBurmeseNews, စင်ကာပူ, မဇ္ဈိမသတင်းဌာန, မြန်မာများ, အလုပ်သမားဝန်ကြီးဌာန