TNLA နှင့် MNDAA ကြား ငြိမ်းချမ်းရေးထိန်းသိမ်းရန် NUCC တိုက်တွန်း

TNLA နှင့် MNDAA ကြား ငြိမ်းချမ်းရေးထိန်းသိမ်းရန် NUCC တိုက်တွန်း


ဓာတ်ပုံ – တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ လောက်ကိုင်ဆွေးနွေးပွဲမှ နှစ်ဖက် အပစ်ရပ်ရန် သဘောတူညီမှုရခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က အသီးသီးကြိုဆိုကြောင်း မဇ္ဈိမကိုပြောသည်။ TNLA နှင့် MNDAA ခေါင်းဆောင် နှစ်ဦးကို တွေ့ရစဉ်။ ပုံဟောင်း (Photo: PSLF/ TNLA)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် TNLA နှင့် MNDAA တို့ကြား လောက်ကိုင်မြို့ဆွေးနွေးပွဲအပြီး အပစ်ရပ်ရေး သဘောတူညီချက်ရသည့် အပေါ် NUGက ကြိုဆိုပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းကြရန် NUCC က တိုက်တွန်းလိုက်သည်။

မတ်လ ၁၇ ရက်မှ ၂၀ ရက် အထိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် ကိုးကန့်တပ် (MNDAA) ခေါင်းဆောင်များသည် လောက်ကိုင်မြို့၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“အားလုံးကလည်းပဲ စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စပေါ့ဗျာ။ အဲဒီတော့ ဒီကိစ္စအပေါ်မှာလည်းပဲ တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီးတော့ ဒီ သိပ်မကြာလိုက်ဘဲနဲ့ ပေါ့နော် ။ အရမ်းကြီး မကြာသွားဘဲနဲ့ အချင်းချင်း ပြေလည်မှုရသွားတာဟာလည်းပဲ ဒါ အစဉ်အလာကောင်းတခု၊ နမူနာကောင်းတခု ဖြစ်ပါတယ်။ အဲတော့ ဒါကို ဆက်ပြီးတော့ ထိန်းသိမ်းသွားနိုင်ကြလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ် ”ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ၏ ကောင်စီဝင် ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ပြောသည်။

တော်လှန်ရေးအတွက် အရေးကြီးသည့် ယခုအချိန်တွင် တော်လှန်ရေး မဟာမိတ်များကြား နားလည်မှုနှင့် ကတိကဝတ်များကို လေးစားလိုက်နာကြရန် လိုအပ်ပြီး တော်လှန်ရေးသစ္စာခိုင်မြဲရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ယခုလို အေးချမ်းစွာ ဖြေရှင်းနိုင်ခြင်းသည် ကောင်းမွန်သော ကိစ္စဖြစ်သည့်အတွက် ကြိုဆိုကြောင်း ပြောသည်။

၎င်းက “ဒါက ပြည်သူလူထု လိုလားတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတအနေနဲ့လည်း ဒါ မေတ္တာရပ်ခံ တိုက်တွန်းချက် ပို့ခဲ့တာ ရှိပါတယ်။ ဒီ တော်လှန်ရေးအချင်းချင်း အင်အားစုတွေကြားမှာ၊ ကျွန်တော်တို့တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဒါ ဖြေရှင်းခြင်းအားဖြင့် တော်လှန်ရေးအတွက်လည်း မထိခိုက်ဘူး။ နောက်တဖက်က ကျွန်တော်တို့ရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုလည်း အားမသာစေဘူးပေါ့နော်။ ”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကိုပြောသည်။

TNLA နှင့် MNDAA တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၁၇ ရက်နေ့တွင် တိုက်တွန်းခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့က အသီးသီး မေတ္တာရပ်ခံခဲ့သည်။

ထိုလောက်ကိုင် ဆွေးနွေးပွဲမှ TNLA နှင့် MNDAA တို့ သဘောတူညီချက် ငါးချက်ရရှိခဲ့သည်။ ယင်းသဘောတူညီချက် ငါးချက်မှာ နှစ်ဖက်တပ်များ အပစ်ရပ်ရေး၊ ကွတ်ခိုင်မြို့ကို MNDAA တဖွဲ့သာဆက်လက်အုပ်ချုပ်ရေး၊ ဖမ်းဆီးခံထားရသည့် TNLA တပ်များ လွှတ်ပေးရေး၊ ဆက်လက်ပြီး မဟာမိတ်အဖြစ် သတ်မှတ်ရေးနှင့် တပ်နေရာချထားရေးတို့ဖြစ်ကြောင်းTNLA ပြောခွင့်ရ လွေးယေဦးက ယမန်နေ့(မတ် ၂၁)တွင် မဇ္ဈိမကို ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက TNLA သည် ကွတ်ခိုင်မြို့တွင် MNDAA တပ်ဆင်ထားသည့် CCTV များကိုဖယ်ရှားခဲ့ရာကနေ နှစ်ဖက် တင်းမာမှုပိုမိုဆိုးရွားလာပြီး မတ်လ ၁၄ ရက်တွင် MNDAA တပ်များက TNLAစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး