မုန်းမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ အသေခံဒရုန်းထိမှန်ပြီး ဘုန်းကြီးကျောင်း ပျက်စီး

မုန်းမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ အသေခံဒရုန်းထိမှန်ပြီး ဘုန်းကြီးကျောင်း ပျက်စီး


ဓာတ်ပုံ – စစ်ကော်ရှင်တပ်က ပစ်လွှတ်လိုက်သည့် အသေခံဒရုန်းနှစ်စင်းသည် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) ၊ မုန်း (မူး) မြို့နယ်ထဲ၊ နိုဘိုးခီး ကျေးရွာဘုန်းကြီးကျောင်းကို ထိမှန်၍ ပျက်စီးသွားပြီးနောက် မတ်လ ၂၃ ရက်နေ့မြင်ကွင်း။ (KNU)

မဇ္ဈိမ ။ ။ စစ်ကော်ရှင်တပ်က ပစ်လွှတ်လိုက်သည့် အသေခံဒရုန်းနှစ်စင်းသည် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) ၊ မုန်း (မူး) မြို့နယ်ထဲက ကျေးရွာဘုန်းကြီးတကျောင်းကို ထိမှန်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်းဆောင် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ်သည် မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မတ်လ ၂၅ ရက် ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းကို အာဏာသိမ်းစစ်ကော်မရှင်တပ်၏ ခမရ (၄၃၉) တပ်ရင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ နိုဘိုးခီးကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတကျောင်းကို ထိမှန်ကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

KNU ဘက်က ထုတ်ပြန်သည့် ဓာတ်ပုံများအရ ဒရုန်းထိမှန်သည့် ဘုန်းကြီးကျောင်းမှာ ခေါင်မိုး နှင့် မျက်နှာကြက်များ ပျက်စီးသွားသည်ကို တွေ့မြင်ရသည်။

“အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များတို့ဖြစ် နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသောကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် ထိတ်လန့် ကြောက်ရွံမှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရပါသည်” ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နယ်အပြင် ညောင်လေးပင်ခရိုင်ထဲက အခြားသောမြို့နယ်များတွင်လည်း အာဏာသိမ်း စစ်ကော်မရှင်တပ်၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။

ကျောက်ကြီး (လယ်ဒို) နှင့် ရွှေကျင် (ဆောထိ) မြို့နယ်တို့တွင် မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနှင့် Y-12 လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူတဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ နောင်နောင်