စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး NUG နှင့် ERO ၄ ဖွဲ့ ပူးပေါင်းကာ SCEF ကို ဖွဲ့စည်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး NUG နှင့် ERO ၄ ဖွဲ့ ပူးပေါင်းကာ SCEF ကို ဖွဲ့စည်း


မဇ္ဈိမ ။ ။ နွေဦးတော်လှန်ရေး၏ အဓိက အင်အားစုများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO ) အင်အားကြီး ဖွဲ့တို့ ပူးပေါင်းကာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့(မတ်လ ၃၀) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဤစုဖွဲ့မှုသည် တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ရန်နှင့် စနစ်ကျသော ဖက်ဒရယ် တပ်မတော်တရပ်ဆီသို့ ဦးတည်သွားမည့် သမိုင်းဝင် ခြေလှမ်းသစ်တခု ဖြစ်လာမည်ဟု ခေါင်းဆောင်များက ဆိုသည်။

ဦးဆောင်ကောင်စီသည် နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကို ခိုင်မာစွာ ချမှတ်ထားပြီး ၎င်းတို့အနက် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ရန် နှင့် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိရန် တို့မှာ အဓိကကျသော အချက်များဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

SCEF ၏ ကျန်နိုင်ငံရေးဦးတည်ချက်များမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းသွားရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ ဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများ အတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရန်တို့ ပါဝင်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ဒါဟာ ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေး အခြေခံမူပေါ်မှာ တည်ဆောက်လိုက်တာ ဖြစ်ပါတယ်” ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုကောင်စီတွင် ကနဦးအဖွဲ့ဝင်များအဖြစ် KIO၊ KNU၊ CNF၊ KNPP တို့နှင့်အတူ NUG၊ CRPH တို့ ပါဝင်နေသော်လည်း လာမည့် ၆၀ ရက်အတွင်း အခြားပါဝင်သင့်သည့် အင်အားစုများ ဖြည့်စွက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု KNPP ဥက္ကဋ္ဌ ခူဦးရယ်က ဆိုသည်။

SCEF သည် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ” မူကို ကိုင်စွဲမည်ဖြစ်ပြီး၊ တိုင်းရင်းသားအင်အားစုများအကြား စစ်ရေးနှင့် နိုင်ငံရေးအရ ပိုမိုကျစ်လစ်သည့် မဟာမိတ်အဖြစ် ရပ်တည်သွားမည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး ဖွဲ့စည်းခြင်း အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

Tagged mizzima, SCEF ဖက်ဒရယ်ဒီမိုကရေစီ း, စစ်အာဏာရှင်တော်လှန်ရေး, နွေဦးတော်လှန်ရေး, ပြည်တွင်းသတင်
Post navigation