ပေါက်တွင် စစ်ကူပို့သည့် ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်များ ပစ်ခတ်

စစ်တပ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်များက (ဧပြီလ ၃ ) ရက်တွင် ပစ်ခတ်တိုက်ခိုက်နေစဉ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ် ရဟတ်ယာဉ် Mi-17 တစီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ) တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။ (မြိုင် ပကဖ)
ယမင်းဖူးပွင့်အောင်
မဇ္စျိမ။ ။မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ် ရဟတ်ယာဉ် Mi-17 တစီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ) တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ-နမခ) မှ ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ- ကပစ နှင့် ပင်ထောင်ကျေးရွာ ပျူစောထီးစခန်းသို့ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေသည့် Mi- 17 ရဟတ်ယာဉ်နှစ်စီးကို လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြိုင် ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ (ဧပြီလ ၃ ရက်) ညနေ ၃ နာရီခန့်တွင် ပွိုင့်ဖိုက် (0.5) ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်တစီး ထိမှန်သွားသည်ဟု မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမကို အတည်ပြုပြောဆိုသည်။
“ ၃ နာရီလောက်မှာလာတာပါ။ အဲ့မတိုင်ခင်လည်း သုံးခေါက်လောက်ဖြတ်ပြီးပါပြီ။ ထိမှန်ပြီးတဲ့နောက်တော့ ဆက်မလာသေးပြန်ဘူးဗျ။ မှော်ထဲကို စစ်ကြောင်းထိုးမယ်လို့လည်း သတင်းတွေ ထွက်တယ်” ဟု ဆိုသည်။
အဆိုပါ ရဟတ်ယာဉ်နှစ်စီးသည် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ကို ပုလဲဘက်သို့ ပို့ဆောင်နေခြင်းဖြစ်ပြီး ထိခိုက်မှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။
“ပင်ထောင်ပျူရွာက အင်အားတွေ ပုလဲဘက် ပို့တာလို့ သိရတယ်။ ထိပြီးတဲ့နောက်မှာတော့ သူတို့ဦးတည်တဲ့ ပုလဲနယ်ကိုပဲ အနည်းငယ် ပိုမြင့်ပြီး မောင်းသွားပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းဒေသ၊ ကသာမြို့ ခြေမြန်တပ်ရင်း-ခမရ (၃၀၉) သို့ စစ်ကူလာသည့် စစ်ကော်မရှင်တပ်၏ Mi-17 တစီးကို တော်လှန်ရေးတပ်များက ပစ်ခတ်နိုင်ခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရသည်။
စာတည်း ။ ။ နောင်နောင်