မြေနီကုန်း ခုံးတံတားပေါ်မှ သက်ကြီးအမျိုးသား ၁ ဦး ခုန်ချသေဆုံး

မြေနီကုန်း ခုံးတံတားပေါ်မှ သက်ကြီးအမျိုးသား ၁ ဦး ခုန်ချသေဆုံး

ဓာတ်ပုံ – ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းခုံးတံတားပေါ်မှ ခုန်ချသေဆုံးသွားသည့် အသက်ကြီးပိုင်း အမျိုးသား ။ ဧပြီလ ၅ မွန်းလွဲပိုင်းတွင် သက်ကြီးပိုင်းအမျိုးသားတဦး ခုန်ချခဲ့သဖြင့် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ (အနာဂတ်အလင်းတန်း ပရဟိတအသင်း – စမ်းချောင်း)

မောင်ခက်နွေ

မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းခုံးတံတားပေါ်မှ ယနေ့ ( ဧပြီလ ၅ ရက်) မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်တွင် သက်ကြီးပိုင်းအမျိုးသားတဦး ခုန်ချခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေနီကုန်းခုံးတံတားပေါ်မှ လူတဦးပြုတ်ကျကြောင်း သတင်းရရှိသဖြင့် အနာဂတ်အလင်းတန်း ပရဟိတအသင်း (စမ်းချောင်း) မှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ အသက်မရှိတော့ဘူး”ဟု ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းထဲတွင် နေထိုင်သည့် ဒေသခံတဦး ပြောပြချက်အရ မျက်မြင်တွေ့ရှိသူများသည် ‘ဝုန်း ခနဲ’အသံကြားမှသာ ခုန်ချသည်ကို သိရှိရသည်ဟု ဆိုသည်။

“သူ့ဘာသာ ခုန်ချတာလား၊ ဘေးပယောဂလား ဆိုတာကတော့ မသိဘူး”ဟု ထိုစမ်းချောင်းလမ်းထဲတွင် နေထိုင်သည့် ဒေသခံက ပြောသည်။

သေဆုံးသူသည် အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသားတဦးဖြစ်ပြီး ပြုတ်ကျသည့် ဒဏ်ရာများဖြစ်သော နဖူးနှင့် ဦးခေါင်းကွဲခြင်း၊ ညာဘက်ပေါင်ကျိုးခြင်းတို့ကြောင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ခြင်းကြောင်း သိရသည်။ လက်ရှိတွင် ထိုရုပ်အလောင်းအား ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်း(စမ်းချောင်း) ထံက သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးအခက်အခဲ၊ နေရပ်စွန့်ခွာရမှုနှင့် စိုးရိမ်ထိတ်လန့်မှုများသည် လူသားလုံခြုံရေးကို ထိခိုက်စေရုံသာမက လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်ပျက်စီးစေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

၎င်း “A Generation on Edge: Youth Safety and Well-being in Myanmar” အစီရင်ခံစာတွင် မြန်မာလူငယ် ၂ သန်းခွဲ နီးပါးသည် သူတို့၏ လုံခြုံရေးအတွက် အမြဲတမ်းနီးပါး ကြောက်ရွံ့နေကြရပြီး၊ ၆သန်းကျော် သည် ညအချိန်၌ လုံခြုံမှုမရှိဟု ခံစားနေရကြောင်းလည်း ဆိုသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ – ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းခုံးတံတားပေါ်မှ ခုန်ချသေဆုံးသွားသည့် အသက်ကြီးပိုင်း အမျိုးသား ။ ဧပြီလ ၅ မွန်းလွဲပိုင်းတွင် သက်ကြီးပိုင်းအမျိုးသားတဦး ခုန်ချခဲ့သဖြင့် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ (အနာဂတ်အလင်းတန်း ပရဟိတအသင်း – စမ်းချောင်း)