စေတုတ္တရာ ဂိတ်စခန်းကို တိုက်ခိုက်မှု နေပြည်တော်စစ်တပ်ဘက်က ၈ ဦးသေဆုံး ဟုဆို

ဓာတ်ပုံ – တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် သေနတ်နှင့် ခဲယမ်းအချို့ ။မကွေးတိုင်း ၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ နေပြည်တော်စစ်တပ်ဘက်မှ တပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများပြားရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို(CDF – Asho) က ပြောသည်။
ပါခွီး
(မဇ္ဈိမ) ။ ။ မကွေးတိုင်း ၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ နေပြည်တော်စစ်တပ်ဘက်မှ တပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများပြားရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို(CDF – Asho) က ပြောသည်။
စေတုတ္တရာမြို့နယ် ၊ ငဖဲ – စေတုတ္တရာကားလမ်းပေါ်တွင် အင်အား ၃၀ကျော်ဖြင့်တပ်စွဲထားသော ကင်ပွန်းခြုံ ဂိတ်စခန်းကို ဧပြီလ၁၀ရက် နံနက် ၅နာရီအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“သေဆုံးစာရင်းကို တိုက်ပွဲအတွင်းမျက်မြင်အတည်ပြုခဲ့တာပါ ၊ အခုထက်ပိုပြီး ထိခိုက်ဒဏ်ရာရ လဲကျနေတဲ့သူတွေလည်းရှိတယ်၊ ထပ်တိုးသေဆုံးတာတွေလည်းရှိနိုင်ပြီး စာရင်းအချက်အလက်တွေ ကောက်ယူနိုင်ခြင်းမရှိသေးပါဘူး” ဟု CDF – Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်း က မဇ္ဈိမ ကိုပြောသည်။

ဓာတ်ပုံ – မကွေးတိုင်း ၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ နေပြည်တော်စစ်တပ်ဘက်မှ တပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများပြားရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို(CDF – Asho) က ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် ခုခံပစ်ခတ်မှုများရှိသကဲ့သို့ ကင်ပွန်းခြုံ ရွာမဖက်သို့ ထွက်ပြေးသူများရှိကာ တောင်ကုန်းများ ၊ ဘုန်းကြီးကျောင်း ၊ ဓမ္မရုံဖက်များတွင်လည်း သေဆုံးသူရှိကြောင်း၎င်းကဆိုသည်။
တိုက်ပွဲအတွင်း နေပြည်တော်စစ်တပ်ဘက်မှ တပ်သားများ ထိခိုက်သေဆုံးမှုအပြင် ၎င်းတို့ထံမှ သေနတ် သုံးလက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရသော ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားချိန် နှစ်နာခွဲကျော်အတွင်း နေပြည်တော်စစ်တပ်ဖွဲ့ဝင်များ စိုးမိုးထိန်းချုပ်ထားသည့် စခန်းဧရိယာထက်ဝက်ခန့်အထိ ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၀) မှ စစ်ကူ ကားတစီးရောက်လာခဲ့ပြီး ၎င်းနှင့်ထိတွေ့မှုခေတ္တဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း ဆလိုင်းရိုချင်းက ဆက်ပြောသည်။

ဓာတ်ပုံ – မကွေးတိုင်း ၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ နေပြည်တော်စစ်တပ်ဘက်မှ တပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများပြားရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို(CDF – Asho) က ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ထိခိုက်သေဆုံး မှုများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ဂိတ်စခန်းသည် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် ဂိတ်ချထားခြင်းဖြစ်ပြီး စေတုတ္တရာနှင့် ငဖဲမြို့နယ်ခြားစခန်းကဲ့သို့တည်ရှိနေကာ အရေးပါမှုအခြေအနေကို သုံးသပ်ရန်ခက်ခဲ့ ကြောင်း ဆလိုင်းရိုချင်း က ပြောသည်။
အဆိုပါ စီးနင်းတိုက်ခိုက်မှုကို CDF – Asho တပ်ဖွဲ့နှင့်အတူ လူ့ဘောင်သစ်တပ်မတော်( NSA )၊ လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု( PRA – Magway ) နဲ့ မင်းဘူးခရိုင် အမှတ်( ၈ )တပ်ရင်း၊ ငဖဲမြို့နယ်ပကဖ တို့နှင့် အတူ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ နောင်နောင်