ခင်ဦးနယ်ထဲက စားသောက်ဆိုင်၊ ဆိုင်ခန်းနဲ့ ယာဉ်ကြောပိတ်ဆို့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အနည်းဆုံး ၉ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

ဒီဇင်ဘာ ၂၈၊ ရွှေဖီမြေ
မနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ နေ့လည်ပိုင်း ၁နာရီ ဝန်းကျင် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ MI 35 ၁စီးတို့နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ဦးထက်မနည်းသေဆုံးပြီး ၁၀ဦးနဲ့အထက်က ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဗုံးကြဲခံရတဲ့နေရာဟာ Starlink ဆိုင်၊ ထမင်း/စားဖွယ်စုံဆိုင်နဲ့ဆိုင်ခန်းတွေများစွာရှိတဲ့နေရာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ကုန်ကားနဲ့ဆီဘောက်ဆာကားနေရာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် လူသေဆုံးမှုအပြင် ကုန်ကား ၉စီးခန့်နဲ့ ဆိုင်ခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် အရပ်သားပစ်မှတ်နဲ့စစ်ရေးပစ်မှတ်ကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ သတိထားနေထိုင်ကြဖို့လည်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်ကလည်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းမှာ ကားပိတ်ဆို့တဲ့နေရာကို ဂျက်ဖိုက်တာ ၄စီး၊ ဂျိုင်ရိုကော်ပတာ ၃စီးတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ဦး မီးလောင်သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။