ငပလီကမ်းခြေ လေကြောင်းတိုက်ခိုက်မှု ၉ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကမ်းခြေမြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲရာ လေးနှစ်သမီး အပါအဝင် ဒေသခံ ကိုးဦးသေဆုံးသည့်အပြင် ၁၄ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ ကျင်းကန်ကြီးရွာကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ရာ ရှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ ဆေးကုသမှု ခံယူနေစဥ် အမျိုးသမီးတစ်ဦးသေဆုံးသည်။ ဒဏ်ရာရရှိသူ ၁၄ ဦး အနက် ပြင်းထန်သူ ရှစ်ဦးရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ပထမတစ်ကြိမ် ဗုံးကြဲတုန်းက မကြားလိုက်ဘူး။ နောက်တစ်ကြိမ် လေယာဥ်ဝဲသံ ကြားလိုက်ရလို့ပြေးပြီး ပုန်းနေလိုက်ရတယ်။ ဗုံး မကြာခဏကြဲနေတော့ စိုးရိမ်နေရတယ်”ဟု ၎င်းက ဆိုသည်။
သေဆုံးသူများသည် မနွယ်နွယ်မျိုး (၄ နှစ်)၊ မောင်လှထွန်းနိုင်(၁၀ နှစ်)၊ မောင်သက်နိုင်ထွန်း (၁၂ နှစ်)၊ မောင်သက်နိုင်ဦး (၁၅ နှစ်)၊ မနွယ်နီဦး (၂၃ နှစ်)၊ မဝင်းဝင်းရွှေ (၃၃ နှစ်)၊ ကိုတင်မြင့် (၃၅ နှစ်)၊ မသောင်းမော်(ခ) မိသုံးပုံ (၃၅ နှစ်)နှင့် ကိုစိုးကျော်ဝင်း (၃၆ နှစ်) တို့ဖြစ်သည်။
ဒဏ်ရာရသွားသူများသည် မောင်ထွန်းထွန်းဝင်း(၁၃ နှစ်)၊ ကိုကျော်ဝင်းနိုင်(၂၀ နှစ်)၊ ဦးဝင်းနိုင်(၅၆ နှစ်)၊ ကိုမောင်နိုင်နိုင်(၃၁ နှစ်)၊ ကိုမောင်ငို(၃၅ နှစ်) ၊ ဦးအုန်းကျော်မြင့် (၄၀ နှစ်) ၊ ဦးသိန်းထွန်းဦး(၄၈ နှစ်)၊ ဦးကိုလင်း(၄၈ နှစ်)၊ ဦးဖိုးဝင်း(၇၃ နှစ်)၊ ဦးမောင်သာဖြူ (၄၆ နှစ်)၊ မဝင်းဝင်းဇော်(၃၁ နှစ်)၊ ဒေါ်ပပလင်း (၄၈ နှစ်)၊ ဒေါ်ပုံချီ (၆၃ နှစ်)၊ ဒေါ်မတင်(၈၁ နှစ်)တို့ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မဝင်းဝင်းရွှေ၏ သမီးဖြစ်သူ မအေးသန္တာထွန်း (၃ နှစ်) ကို အပျက်အစီးပုံများအောက်မှ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့က ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲဒေသခံများသည် စိုးရိမ်ကြောက်လန့်နေရသည်ဟု အခြားဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောသည်။
“ဂရုစိုက်နေရပါတယ်။(ရခိုင်မှာ) ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ ဒီဘက်မှာပိုဆိုးလာဖို့ထင်တယ်”
ကျင်းကန်ကြီးရွာ ဒေသခံတစ်ဦးက လေယာဥ်နှစ်ကြိမ်လာရောက်ပြီးဗုံးလေးလုံး ကြဲချခဲ့ကြောင်း၊ စိုးရိမ် ကြောက်လန့်၍ မြေပြင်တွင် ဝပ်နေခဲ့ရကြောင်း တွေ့ကြုံခဲ့ရပုံကို ပြောပြသည်။
“အရပ်သားတွေကို တိုက်ခိုက်နေတာတော့ နားမလည်ပါ။ ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက်တာပါ။ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာပါ”ဟု ၎င်းက မှတ်ချက်ပြုသည်။ အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် သံတွဲအပါအဝင် တောင်ကုတ်၊ ဂွနှင့် အမ်းမြို့နယ်တို့တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဥ်ခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာနိုင်ခြေရှိသောကြောင့် ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ခဲ့ရာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာ အဓိကနေရာ တစ်ခုဖြစ်သော ငပလီကမ်းခြေလည်းပါဝင်ပြီး စစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်သော ဟိုတယ်အများအပြားကိုလည်း စစ်တပ်က လက်လွှတ်လိုက်ရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ သံတွဲမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိကာ ကြယ်လေးပွင့်အဆင့် ဟိုတယ်လေးလုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ်နှစ်လုံး၊ ကြယ် တစ်ပွင့်အဆင့် ဟိုတယ်တစ်လုံးအပါအဝင် ပုဂ္ဂလိကပိုင်ဟိုတယ် ၄၆ လုံးရှိသည်။
စစ်ကော်မရှင်တပ်သည် အာရက္ခဒေသ(ရခိုင်ပြည်နယ်)အတွင်း လေကြောင်းတိုက်မှုများကို စနစ်တကျ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု အာရက္ခပြည်သူ့တော်လှန်အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယမန်နေ့(ဒီဇင်ဘာလ ၃၀ ရက် )က ထုတ်ပြန်သည်။
“ဤလုပ်ရပ်များသည် သီးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ၊ အစီအစဉ်ချထားပြီး ထပ်တလဲလဲ ကျူးလွန်နေသော တိုက်ခိုက်မှုများဖြစ်ပြီး အပြစ်မဲ့ပြည်သူများ၏ အသက်၊ လုံခြုံမှုနှင့် အိုးအိမ်များကို ပြင်းထန်စွာ ခြိမ်းခြောက်ဖျက်ဆီးနေသည့် လူသားချင်းစာနာမှုအကျပ်အတည်း တရပ်လည်း ဖြစ်သည်”ဟုဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အဆိုပါလူသားချင်းစာနာမှုအကျပ်အတည်းကို မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် လေးနက်စွာတောင်းဆိုသည် ဟု HDCO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
AA သည် သံတွဲအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်းထားပြီး အစိုးရအုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
အလားတူ ခရစ္စမတ်ကာလ ဒီဇင်ဘာလ ၂၅ ရက်တွင်လည်း သံတွဲမြို့နယ်၊ ရပ်ရှည်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အသက် ၅၅ နှစ်အရွယ် နော်စေးရေဖော် သေဆုံးသွားသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ရှိ ပြည်သူ အများအပြား ကျန်းမာရေးဆိုင်ရာအရ အားကိုးအားထားပြုနေရသည့် ခရိုင်အဆင့်ပြည်သူ့ဆေးရုံကြီးကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချမှုကြောင့် ၃၃ ဦးသေဆုံးကာ ၇၆ ဦးဒဏ်ရာရရှိခဲ့သည်။
အလားတူ နောက်တစ်ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာတို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၆ ဦးဒဏ်ရာရရှိသွားပြီး ရှစ်ဦးသေဆုံးကြောင်း သိရသည်။
AA ထိုးစစ် စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁၅၂ ဦး သေဆုံးကာ ၂၁၅၃ ထိခိုက်ဒဏ်ရာရရှိသည်။ ထို့အပြင် ဒေသခံ ၁၀၃၄ ဦးလည်း စစ်တပ်၏ ဖမ်းဆီးမှုခံထားရကြောင်း အာရက္ခတပ်တော်(AA) က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
