မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ခင်ပွန်း ဒုပျူခေါင်းဆောင် ဖမ်းမိ

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ခင်ပွန်း ဒုပျူခေါင်းဆောင် ဖမ်းမိ

အာဏာသိမ်းစစ်ကော်မရှင်က လက်နက်တပ်ဆင်ပေးထားသည့် နာမည်ကြီး ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင် ဒေါ်သီတာယုမွန်၏ ခင်ပွန်း ဒုပျူခေါင်းဆောင် ဦးစိန်လွင်ကို မူးယစ်ဆေးများနှင့်အတူ ယခုနှစ် ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်နေ့) တွင် မန္တလေးတိုင်း မြင်းခြံ- ပုဂံ- ညောင်ဦးလမ်းပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း ဒေါ်သီတာယုမွန်နှင့် ဦးစိန်လွင်တို့က ဦးဆောင်သော ပျူစောထီးအဖွဲ့ က စစ်တပ်နှင့်ပူးပေါင်းကာ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေကြသည်။

ကားဖြင့် ခရီးထွက်လာသည့် အသက် ၄၄ နှစ်အရွယ် ဦးစိန်လွင်ကို အခြားလူ သုံးဦးနှင့်အတူ ပုဂံ- ညောင်ဦးလမ်းပေါ်တွင် စစ်ဆေးစဉ် ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း (တောင်သာ PDF) ၏ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက Myanmar Now ကို ပြောသည်။

“စစ်ဆေးရင်းနဲ့မိတယ်။ သူ့မှာ လက်နက်ခဲယမ်းမပါတဲ့အတွက် ခုခံတာမျိုးတော့မရှိဘူး။ အသာတကြည်ပဲ အဖမ်းဆီးခံပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးစိန်လွင်နှင့်အတူ ကားတစ်စီး၊ ငွေသားအချို့၊ မူးယစ်ဆေးဝါးနှင့် ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့ဝင် သက်သေခံကတ်ပြား သိမ်းဆည်းရရှိပြီး အတူပါလာသူ  သုံးဦးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်၍ သတင်း ထုတ်ပြန်နိုင်ခြင်းမရှိသေးဟု ၎င်းက ဆက်ပြောသည်။

ထိုသူကို မည်သို့မည်ပုံ ဖမ်းဆီးရမိသည်ကို  PDF တပ်ရင်းက အသေးစိတ် ထုတ်မပြောပေ။

သိမ်းဆည်းရမိသော ဦးစိန်လွင်၏ ပျူစောထီးအဖွဲ့သက်သေခံကတ်ပေါ်တွင် မြင်းခြံမြို့ (၁၉) ရပ်ကွက် ဒုတိယပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်း ဖော်ပြထားသည်။

“သူတို့လင်မယားနှစ်ယောက် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါပဲ။ အသွင်တူလို့ အိမ်သူဖြစ်တာပေါ့။ အဓိက ကတော့ သူကိုယ်တိုင်လည်း သင်တန်းဆင်းဖူးတယ်။ စာအုပ်မှာလည်း ဒုခေါင်းဆောင်ဆိုတာ ပါတယ်။ နောက်ပြီးတော့ သီတာယုမွန်ရယ်လို့ဖြစ်လာတာလည်း သူ့ရဲ့အရှိန်အဝါတွေအများကြီး ပါပါတယ်” ဟု ကိုမင်းသားကြီးက ဆိုသည်။

၎င်းကို ယာယီထိန်းသိမ်းစစ်ဆေး၍ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ အရေးယူရန် စီစဉ်ထားကြောင်း သိရသည်။ ဦးစိန်လွင်ကို ကနဦး စစ်ဆေးချက်များအရ ဒေါ်သီတာယုမွန်နှင့် အိမ်ထောင်ကွဲနေကြောင်း၊  နေအိမ်တစ်အိမ်တည်းတွင်သာ အတူဆက်လက်နေထိုင်ကြောင်း ထွက်ဆိုသည်ဟု ကိုမင်းသားကြီးက ဆိုသည်။

သို့သော်လည်း ၎င်းတို့နှစ်ဦးပူးပေါင်း၍ မြင်းခြံပြည်သူ့စစ်ဌာန ခေါင်းဆောင်များအဖြစ် လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများကို PDF များက သိမ်းဆည်းရရှိထားကြောင်း သိရသည်။

၎င်းဖမ်းဆီးခံရပြီးနောက် ဒေါ်သီတာယုမွန် ဦးဆောင်သော ပျူစောထီးအဖွဲ့များက ကားသုံးစီးဖြင့် လူ၊ လက်နက်အင်အားအပြည့်အစုံဖြင့် မြင်းခြံမြို့ပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဒေါ်သီတာယုမွန်ဦးဆောင်သော ပျူစောထီးတပ်များသည် စစ်တပ်နှင့် ပေါင်း၍ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရုံသာမက သွေးသောက်အဖွဲ့  ဖွဲ့ကာ တော်လှန်ရေးထောက်ခံသူ၊ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်သူများဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဒေါ်သီတာယုမွန်သည် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦလည်းဖြစ်ပြီး ၎င်းကို စစ်ကော်မရှင်နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)တို့က ဘွဲ့တံဆိပ်များပေးထားသည်။

အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၌ မြို့နယ် ရှစ်မြို့နယ်ပါဝင်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသော မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာနှင့် ငါန်းဇွန်မြို့နယ်များလည်းပါဝင်သည်။ ထိုဒေသများတွင် မြို့ပေါ်နေရာများမှလွဲ၍ ကျေးလက်ဒေသများကို နယ်မြေစိုးမိုးနိုင်ခြင်းမရှိတော့သည့် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည်။

ပျူစောထီးများ အားကောင်းသည့် မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ခရိုင်တပ်ရင်း ကိုးခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။

ဦးစိန်လွင်၏  ပျူစောထီးအဖွဲ့သက်သေခံကတ်ပြား။ (ဓာတ်ပုံ-တောင်သာ တပ်ရင်း)