မြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀ နီးပါးအထိ ထပ်မံစံချိန်ချိုး တက်လာ

မြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀ နီးပါးအထိ ထပ်မံစံချိန်ချိုး တက်လာ

ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၇ သိန်းကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိလာပြီး ဈေးကွက်မတည်မငြိမ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၇ သိန်း၊ ၁၅ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၉၁ သိန်း ၇ သောင်းအထိ ပြင်ပပေါက်ဈေးရှိနေသည်ဟု သိရသည်။ စစ်ကော်မရှင်၏ သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထိ ကွာဟနေသည်။

“လူတွေက ဒီလောက်တောင်တက်ပြီဆို၊ ဒီတစ်ခေါက်ဆို သိန်း၁၀၀ ဖြစ်ပြီလို့တော့ ပြောနေကြတာ။ အရင်တစ်ခေါက်တုန်းက သိန်း ၉၀ တောင် မပြည့်လိုက်ဘူး။ ၈၈ သိန်း၊ ၈၉ သိန်း အထိပဲ ဖြစ်တယ်လေ။ အခုဟာကတော့ အမြင့်ဆုံးပေါ့။ စံချိန်ပေါ့” ဟု ရန်ကုန်တိုင်းရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၄,၅၉၈ ဒေါ်လာ ရှိနေပြီး တက်ရိပ်ကြမ်းနေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း မတည်မငြိမ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များက ဆိုသည်။

စစ်ကော်မရှင်သည် ရွှေဈေးထိန်းချုပ်ရန် သတ်မှတ်ဈေးဖြင့် မရောင်းသည့် ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးမှုများလည်းရှိနေပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများလည်းရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေဆိုင်ဝန်ထမ်းများက ပြောသည်။

ရွှေဆိုင်များသို့ လာရောက်စစ်ဆေးရာတွင် အုပ်ချုပ်ရေးမှူးများ၊ သတ္တုတွင်းဝန်ကြီးဌာနများမှ ဝန်ထမ်းများလိုက်ပါလာတတ်ပြီး လုပ်ငန်းလိုင်စင်၊ အခွန်အပါအဝင် ရောင်းချသည့် စာရွက်များနှင့် ဝန်ထမ်းများကို မေးခွန်းများစွာ မေးမြန်းစစ်ဆေးကြောင်း နေပြည်တော်ရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုရွှေဆိုင်တွေက ရွှေရောင်းတာထက် အပေါင်ကိုပဲ လုပ်နေကြတာ၊ ဆိုင်သေးတွေဆိုရင် တစ်လနေမှ သုံးလေးသိန်း နားကပ်လေးတွေကို လာလုပ်တဲ့သူ နည်းနည်းပဲရှိတာ။ ဒီရွှေဈေးနဲ့ အများကြီးလည်း မလုပ်နိုင်ကြဘူးလေ” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဈေးဖြင့် ရောင်း၊ မရောင်း ရှောင်တခင်စစ်ဆေးခြင်း၊ သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးတို့ကြား ကွာဟမှုမြင့်မားခြင်းတို့ကြောင့် ရွှေဆိုင်ပိတ်လိုသည့်တိုင် အရေးယူခံရနိုင်သည့် အခြေအနေများကြုံနေရသည်ဟုလည်း အထက်ပါရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။

“ပြင်ပပေါက်ဈေးဆိုရင် ရင်းနှီးတဲ့သူမှ ပြောရဲတာ။ သူစိမ်းဆို မပြောရဲဘူး။ ဌာနက ဟန်ဆောင်ပြီး လာမေးတဲ့သူကို ဖြေမိရင်သွားပြီပဲ။ ပြင်ပဈေးနဲ့ ဘောင်ချာမဖွင့်ပေးဘဲ သတ်မှတ်ဈေးနဲ့ ဖွင့်မယ်ဆိုရင် ဝယ်သူနဲ့ မနည်းပြောယူရတယ် ရောင်းရင်လည်း ပြင်ပတက်ဈေးမရလို့ ပြဿနာတွေကအများကြီးရှိတယ်” ဟု ပြောသည်။

ရွှေဈေး ကျပ်သိန်း ၁၀၀ နီးပါးအထိ မြင့်တက်နေရခြင်းသည် မတည်ငြိမ်သည့် ပြည်တွင်းအခြေအနေများ ကြောင့်ဖြစ်ပြီး အကျကိုပင် မခန့်မှန်းနိုင်ဘဲဖြစ်နေသည်ဟုလည်း ရန်ကုန်တိုင်းမှ ရွှေဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

“ရွှေဝယ်တယ်ဆိုတာကလည်း အောက်ကလူတွေ ဝယ်တယ်ဆိုတာမရှိဘူး၊ နည်းနည်းတတ်နိုင်တဲ့သူ သူ့ဂွင်နဲ့သူပေါ့ဗျ။ ခြံဝယ်၊ အိမ်ဝယ်၊ အရောင်းအဝယ်လုပ်တဲ့သူ ငွေလှည့်တဲ့အနေနဲ့ပဲ သူတို့တွေပဲ အရောင်းဝယ်ဖြစ်တာ များတယ်လေ။ သာမန်ပြည်သူ လစာရတဲ့သူတို့ လက်လုပ်လက်စားတို့ဆိုတာက သူတို့က အနားတောင်မကပ်နိုင်ဘူး။ စားဖို့သောက်ဖို့တောင် အနိုင်နိုင်” ဟု ဆက်ပြောသည်။

သို့သော် ရွေးကောက်ပွဲအပြီး အစိုးရအသစ် ဖွဲ့စည်းပြီးချိန်တွင်လည်း ရွှေဈေး၊ အိမ်ခြံမြေဈေးနှင့် ကုန်ဈေးနှုန်းတို့ တည်ငြိမ်နိုင်မည့်အခြေအနေကိုလည်း မျှော်လင့်နေရသည်ဟုလည်း ရွှေဆိုင်ပိုင်ရှင်များက ဆိုသည်။

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လထဲတွင် ဖမ်းဆီးခဲ့ဖူးသည်။

စစ်တပ် အာဏာမသိမ်းမီ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၁၃၂၀,၀၀၀ သာ ရှိခဲ့သည်။ ယခုမူ အာဏာသိမ်းပြီး ငါးနှစ်အတွင်း ပြည်တွင်း ရွှေဈေးသည် ခုနစ်ဆကျော်အထိ မြင့်တက်လာခဲ့သည်။