ရွှေဘိုမြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံး၊ရော့ကတ်၊ စစ်သေနတ်တွေနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံး

ရဲမာန်၊ ဇန်နဝါရီ ၈ ရက်၊ ရွှေဘို
စစ်ကိုင်းတိုင်း ရွှေဘို့မြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ်၊ စစ်သေနတ်တို့နဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းမှာ ရွာစိုးကျေးရွာအနီး စစ်ရှောင်တဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ရွှေဘိုအနောက်ဘက် ၁၁မိုင် ရွာစိုးကျေးရွာအနီး စစ်ရှောင်တဲတွေ ကြားထဲ ချတာပါ။ ဗုံးသီးတွေရော စက်သေနတ်၊ ရော့ကတ်တွေရော ဆက်တိုက်ချတာပါ။ စစ်ရှောင် အမျိုးသမီး ၁ဦး၊ အမျိုးသား ၁ ဦး နဲ့ခရီးသွား ကားသမား ၂ ဦး သေဆုံးခဲ့တယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ခင်ဦးမြို့နယ် ကုန်းကြီးရွာရှိ စစ်ရှောင်တွေသာ နေထိုင်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။