အတုအယောင်နိုင်ငံရေးထွက်ပေါက်များကို တန်ပြန်ရန်နှင့် ဖက်ဒရယ်ဦးဆောင်ကောင်စီ အမြန်ပုံဖော်ရန် NUG ယာယီသမ္မတ တိုက်တွန်း

အတုအယောင်နိုင်ငံရေးထွက်ပေါက်များကို တန်ပြန်ရန်နှင့် ဖက်ဒရယ်ဦးဆောင်ကောင်စီ အမြန်ပုံဖော်ရန် NUG ယာယီသမ္မတ တိုက်တွန်း

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် လွှတ်တော်မှတဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေမှုများကို အထူးသတိထား တန်ပြန်ကြရန်နှင့် တိုင်းရင်းသားမဟာမိတ်များနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပေါ်ပေါက်ရေး အားသွန်ကြိုးပမ်းကြရန် ယနေ့ တိုက်တွန်းလိုက်သည်။(CRPH Live Screenshot)

မောင်ခက်နွေ

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းတို့၏ အတုအယောင် လွှတ်တော်မှတဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေမှုများကို အထူးသတိထား တန်ပြန်ကြရန်နှင့် တိုင်းရင်းသားမဟာမိတ်များနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပေါ်ပေါက်ရေး အားသွန်ကြိုးပမ်းကြရန် ယနေ့ တိုက်တွန်းလိုက်သည်။

ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ NUG ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် နိုင်ငံတကာကို မျက်လှည့်ပြရန် ကြိုးစားနေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို နည်းလမ်းမျိုးစုံဖြင့်ရယူရန် ပြင်ဆင်နေကြောင်း NUG ယာယီသမ္မတက သတိပေးသည်။

၎င်းက “ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူးလိုပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ အတုအယောင်လွှတ်တော်ရဲ့ ဦးတည်ချက်တွေကို ကြိုတင်မျှော်မြင်ပြီး၊ လက်ဦးမှု ရယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ အင်မတန်မှ အပြောင်းအလဲ မြန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ရှေ့ဖြစ်နိုင်ခြေ အလားအလာတွေကို ကြိုတွက်ထားဖို့လိုကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။

တော်လှန်ရေး ငါးနှစ်တာ ကာလအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရေး မဏ္ဍိုင် သုံးရပ်အကြား အပြန်အလှန်ထိန်းကျောင်းမှုကို မြှင့်တင်ရန်နှင့် လွှတ်တော်အနေဖြင့် သမားရိုးကျပုံစံထက် တော်လှန်ရေးနှင့် လိုက်ဖက်သည့် လက်တွေ့ကျသော အခင်းအကျင်းမျိုးကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် တော်လှန်ရေးအစိုးရ၏ ဖြစ်တည်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အခြေခံအုတ်မြစ်ဖြစ်မည့် “ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ” ပုံစံမျိုး ပေါ်ပေါက်လာစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ယုံကြည်မှုတည်ဆောက်ကာ အချိန်အများကြီး ရင်းနှီးမြှုပ်နှံထားကြောင်း ယာယီသမ္မတက ထုတ်ဖော်ပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား မဟာမိတ်ပေါင်းစည်းမှု ပိုမိုခိုင်မာလာစေရန် အစိုးရအဖွဲ့ဘက်မှလည်း ပြုပြင်ပြောင်းလဲမှုများကို ရဲဝံ့စွာလုပ်ဆောင်နေပြီး လွှတ်တော်အနေဖြင့်လည်း ထိုခြေလှမ်းသစ်တွင် ဝိုင်းဝန်းလက်တွဲကြရန် မေတ္တာရပ်ခံခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့အနေနဲ့ ဒီနေ့ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိချပ်ကြဖို့ လိုအပ်ပါတယ်” ဟု သတိပေးရင်း မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)