ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု တရားဝင်မှုရှာရုံသာဖြစ်ပြီး ‘ယုံကြည်၍မရ’ ကြောင်း တော်လှန်ရေးအင်အားစုများ တုံ့ပြန်

ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု တရားဝင်မှုရှာရုံသာဖြစ်ပြီး ‘ယုံကြည်၍မရ’ ကြောင်း တော်လှန်ရေးအင်အားစုများ တုံ့ပြန်


ဓာတ်ပုံ – စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်၏ ရက်ပေါင်း ၁၀၀ အတွင်း နိုင်ငံရေးဆွေးနွေးရန်နှင့် လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်ချက်များသည် နိုင်ငံတကာနှင့် ပြည်သူလူထုကြား တရားဝင်မှု (Legitimacy) ရှာဖွေသည့် လုပ်ရပ်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ခေါင်းဆောင်များနှင့် လေ့လာသုံးသပ်သူများက ဝေဖန်တုံ့ပြန်လိုက်သည်။ (ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၏ လူမှုကွန်ရက်)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်၏ ရက်ပေါင်း ၁၀၀ အတွင်း နိုင်ငံရေးဆွေးနွေးရန်နှင့် လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်ချက်များသည် နိုင်ငံတကာနှင့် ပြည်သူလူထုကြား တရားဝင်မှု (Legitimacy) ရှာဖွေသည့် လုပ်ရပ်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ခေါင်းဆောင်များနှင့် လေ့လာသုံးသပ်သူများက ဝေဖန်တုံ့ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၎င်းဦးဆောင်သော အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း ပထမဆုံးအစည်းအဝေးတွင် မင်းအောင်လှိုင်က လာမည့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် လွန်ခဲ့သည့် ငါးနှစ်အတွင်း တွေ့ဆုံမှုမရှိတော့သည့် NCA လက်မှတ်ထိုး KNU၊ CNF နှင့် ABSDF တို့ကို အမည်တပ်ဖိတ်ခေါ်ခဲ့ပြီး မဖြစ်နိုင်သည့်အချက်များ မတောင်းဆိုရန်လည်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက “စစ်အုပ်စုက တရားဝင်မှုကို နည်းလမ်းနှစ်ခုနဲ့ အသည်းအသန်ရှာတယ်။ တခုက ဟန်ပြရွေးကောက်ပွဲ၊ နောက်တခုက ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ NCA ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ပြန်အသုံးချဖို့ ကြိုးစားတာဖြစ်တယ်။ ဒီဖိတ်ခေါ်ချက်နဲ့ တိုင်းပြည်ပြဿနာ ပြေလည်စရာအကြောင်း မရှိဘူး” ဟု မဇ္ဈိမသို့ တုံ့ပြန်ပြောကြားသည်။

နေ့စဉ်နှင့်အမျှ လူထုကို လေကြောင်းမှ ဗုံးကြဲခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် နိုင်ငံရေးခေါင်းဆောင်များကို ဓားစာခံသဖွယ် ဖမ်းဆီးထားခြင်းများ ရှိနေသရွေ့ တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ စစ်အုပ်စုအတွက် အသုံးချခံရုံသာဖြစ်ပြီး၊ “ယုံကြည်စရာအကြောင်းမရှိ” ဟု ၎င်းက ထောက်ပြသည်။

“တိုင်းပြည်အတွက်ဆိုတာထက် သူ့ရဲ့ တရားဝင်မှုအတွက် လုပ်မှာဖြစ်တဲ့အတွက် ယုံကြည်စရာလည်း အကြောင်းမရှိဘူးလို့ဘဲ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း NCA အခင်းအကျင်းမှာ ကျော်လွန်သွားပြီ ဖြစ်ကြောင်းလည်း ရဲဘော်သံခဲက ဆိုသည်။

ABSDF အပါအဝင် KNU နှင့် CNFတို့ သည် ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုများနှင့်အတူ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

ထို့ပြင် စစ်အုပ်စုက PDF များအား အသိပညာနည်းသူများအဖြစ် စွပ်စွဲကာ အလင်းဝင်ရန် ဖိတ်ခေါ်မှုအပေါ် အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးမှူး ကိုအောင်စံရှားက ယခုလို ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

“PDF တွေက အသိပညာနည်းသူတွေလား၊ စာမတတ်ပေမတတ်တွေလား ဆိုတော့ PDF တွေရဲ့ တပ်ရင်းတပ်ဖွဲ့အဆင့်မှာတောင်မှ ဆရာဝန်တို့၊ ပညာတတ်တွေ၊ အင်ဂျင်နီယာတွေ၊ နောက်ပြီးတော့ ဒါ ဘက်စုံပေါ့ ထူးချွန်တဲ့သူတွေ၊ စာတတ်ပေတတ် အများကြီး ကျွန်တော်တို့ ရှိတယ်ဆိုတာ အားလုံး သိကြပြီးသားဖြစ်ပါတယ်။ ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးပေါ့နော်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးမှူး ကိုအောင်စံရှားက မဇ္ဈိမသို့ ပြောသည်။

“တကယ် အသိပညာ အားနည်းသူတွေက ဘယ်သူလဲဆိုရင် အတုအယောင်သမ္မတကြီး မင်းအောင်လှိုင်ကပဲ စပြီး ပြောရမှာပေါ့။ စစ်တပ်ခေါင်းဆောင်တွေဟာ အာဏာရှင် အတွေးအခေါ်နဲ့ စရိုက်လက္ခဏာတွေ၊ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ ပုံစံတွေနဲ့ Brainwash (ဦးနှောက်ဆေး) လုပ်ခံထားရသူတွေ ဖြစ်တယ်။ မြေပြင်သဘာဝတရားတွေနဲ့ အသိတရား လုံးဝခေါင်းပါးပြီး အာဏာရှင်အကျင့်စရိုက်ပဲ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် CRPH နှင့် NUG အစိုးရတို့၏ ဥပဒေဘောင်အတွင်းမှ ဖွဲ့စည်းထားခြင်းဖြစ်၍ မည်သည့်နေရာသို့မျှ အလင်းဝင်စရာမလိုကြောင်းနှင့် “တရားဥပဒေမဲ့” အာဏာသိမ်းကာ ပြည်သူကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုသာလျှင် “အမှောင်ထဲ” ရောက်နေသူများဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်စုဘက်က သတ်မှတ်ထားသည့် ‘ရက် ၁၀၀’ ကာလအတွင်းတွင် အလင်းဝင်ရန်မရှိဘဲ စစ်ရေးအရှိန်ကိုသာ ဆက်လက်မြှင့်တင် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကိုအောင်စံရှားက ဆက်လက်ပြောကြားခဲ့သည်။

“ဒီရက် ၁၀၀ ဆိုတာ ပွင့်လင်းရာသီဖြစ်တယ်။ ကျနော်တို့တွေ စစ်ရေးအရှိန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ ဒီရက် ၁၀၀ အတွင်းမှာ ပိုပြီးတော့မှ စစ်ဆင်ရေးတွေ အောင်မြင်မှုရအောင် သေချာစနစ်တကျနဲ့ စီမံချက်ဆွဲပြီး မင်းအောင်လှိုင်ကို တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်။

စစ်အုပ်စု၏ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် မက်လုံးပေး ကမ်းလှမ်းချက်များသည် ယခင်ကတည်းက အကောင်အထည်ပေါ်ခဲ့ခြင်း မရှိဘဲ လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေသည့် ပြည်ထောင်စုဒီမိုကရေစီကောင်စီ (SCEF) တွင် ပါဝင်သော NUG, CRPH, KNU, KIO, KNPP နှင့် CNF ကဲ့သို့သော အဖွဲ့ကြီးများအနေဖြင့် ယုံကြည်မည်မဟုတ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အညာဒေသခံ စစ်ရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက စစ်ဗိုလ်ချုပ်များ ယူနီဖောင်းချွတ်ကာ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းမှုများမှာ အသစ်အဆန်းမဟုတ်သော်လည်း ယခု မင်းအောင်လှိုင်၏ အကူးအပြောင်းသည် ယခင်ထက် ပိုမိုဆိုးရွားကြောင်း သုံးသပ်သည်။Politics

ထို့အပြင် ဦးသိန်းစိန်လက်ထက် အကူးအပြောင်းကာလ လွှတ်တော်နှင့် အခြားကဏ္ဍများတွင် စစ်တပ်အတွင်း အချင်းချင်း အထိန်းအကွပ်များ ရှိခဲ့သော်လည်း မင်းအောင်လှိုင်ကမူ အရပ်ဘက် အုပ်ချုပ်ရေးယန္တရားများကို ၎င်းသြဇာခံများဖြင့် ကြိုတင်အကွက်ချ ချုပ်ကိုင်ထားသဖြင့် ‘ပိုမို’အာဏာရှင်ဆန်ကာ နှိပ်ကွပ်မှုများ များလာမည်ဟု သူက ဆိုသည်။

“သူ (မင်းအောင်လှိုင်) က သမ္မတ ဖြစ်ချင်တော့ သူ အရပ်သားသမ္မတ ဖြစ်အောင် ကြိုတင်အကွက်ချပြီးတော့မှ ဒီ လွှတ်တော် နှစ်ရပ်စလုံး နောက် အခြား နေရာတွေမှာ ပေါ့၊ အရပ်ဘက် အုပ်ချုပ်ရေး institution (အဖွဲ့အစည်း) တွေမှာ သူ့ နောက်ဆုံး ဒီ ကာကွယ်ရေး ဦးစီးချုပ် နေရာက စလို့ပေါ့၊ သူ ပြောရာကို ပြီးနိုင်မယ့် လူတွေကို သေချာ ရွေးချယ် နေရာချပြီးမှ အဲ သမ္မတ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ သမ္မတ ဆိုတဲ့ အဲ အတုအယောင် ရလဒ်ကြီးကို ဖန်တီးပြီးတော့ ဒီ အရပ်ဝတ် ပြောင်းတာ ဖြစ်တဲ့ အခါကျတော့ အဲ ဦးသိန်းစိန် လက်ထက်ကထက်ကို ပိုပြီးတော့ ဒါ အာဏာရှင်ဆန်မယ်၊ အဲ ပိုပြီးတော့ ဒီ နှိပ်ကွပ်မှုတွေ၊ ချုပ်ကိုင်မှုတွေ ပိုပြီးတော့ များမယ်ဆိုတာ ဒါ မြင်သာတယ်” ဟု ကိုစိုးဝင်းဆွေက မဇ္ဈိမသို့ သုံးသပ်သည်။

ကိုစိုးဝင်းဆွေက ဆက်လက်ပြီး “ငြိမ်းချမ်းရေးအတွက်ကတော့ ထုံးစံအတိုင်း မီးစာတဖက်၊ ရေမှုတ်တဖက်နဲ့ သွေးခွဲစည်းရုံးတဲ့ ဗျူဟာပါပဲ။ ဒီ အစိုးရသစ် ရက် ၁၀၀ မှာ ဆန်ချေးငွေ၊ ပညာရေး၊ အလုပ်အကိုင်၊ အသေးစားစက်မှုလုပ်ငန်းနဲ့ လမ်းတံတားစတဲ့ ဖွံ့ဖြိုးရေးမက်လုံးတွေနဲ့ တော်လှန်ဒေသက ငါးနှစ်လုံးလုံး ပင်ပန်းလာတဲ့ ပြည်သူကို တဖက်လှည့်နဲ့ မြှူဆွယ်ပြီး သိမ်းသွင်းဖို့ ခြေလှမ်းပြင်နေတာ တွေ့ရတယ်” ဟု ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းများအနေဖြင့် စစ်တပ်၏ စီးပွားရေးမက်လုံးဖြင့် ထိုးဖောက်သွေးခွဲမှုကို ကြံ့ကြံ့ခံနိုင်ရန် ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို အလေးထား စဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။

လက်ရှိ တော်လှန်ရေးအင်အားစုများမှာ ချောက်ကမ်းပါး အခြေခံပြီး တိုက်နေရသည့် အခြေအနေဖြစ်၍ နောက်ဆုတ်ရင် ချောက်ထဲကျဖို့ပဲ ရှိတော့သည့်အတွက် “နောက်ဆုတ်စရာ လမ်းမရှိ” တော့ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။

ကရင်အမျိုးသားအစည်းရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ တို့ထံ အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမက စာပို့မေးမြန်းထားဆဲဖြစ်ပြီး၊ အကြောင်းပြန်ခြင်း တစုံတရာ မရှိသေးပါ။

စာတည်း။ ။ နောင်နောင်