Fact Check : ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လို့ မင်းအုပ်စိုး ဖမ်းဆီးခံရတဲ့ သတင်း မှားယွင်းနေ

မဇ္ဈိမ။ ။ သရုပ်ဆောင် မင်းအုပ်စိုး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လို့ ထောင်ဒဏ်တသက်ချမှတ်ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
‘Photo SN’ အမည်နဲ့ ဖေ့ဘုတ်ပေ့ချ်ကနေ ဧပြီ ၂၁ ရက်နေ့မှာ “[သတင်းဦး] မင်းအုပ်စိုး နေအိမ်ချိတ်ပိတ်ခံရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရဖွယ်ရှိနေ” လို့ရေးသားထားပြီး မင်းအုပ်စိုး ဖမ်းဆီးခံရတဲ့ ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။
စာထဲမှာတော့ မင်းအုပ်စိုးက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာကြောင့် စစ်ကောင်စီက ထိန်းသိမ်းထားပြီး လက်ရှိမှာလည်း နေအိမ်ကိုချိတ်ပိတ်သိမ်းဆည်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါကို တခြားဖေ့ဘုတ်ဂရုတွေထဲမှာလည်း ပြန်လည်မျှဝေထားပါတယ်။
ဖြန့်ဝေထားတဲ့ အထဲမှာပါတဲ့ ပုံဟာ ၂၀၁၅ခုနှစ်က မင်းအုပ်စိုးကို လူသတ်မှုနဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ်ခံရစဉ်က ဧရာဝတီအင်္ဂလိပ်ပိုင်းအစီအစဉ်ကနေ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံပဲ ဖြစ် ပါတယ်။ လင့် – https://shorturl.at/ZdHv7
မင်းအုပ်စိုးဟာ အမျိုးသမီး တဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရာကနေ ၂၀၂၁ ခုနှစ် ဧပြီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်း သူ့ရဲ့ တစ်တော့အကောင့်ကနေ တဆင့် နေပြည်တော် စစ်တပ်ကို ထောက်ခံတဲ့ အကြောင်းတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီကို ထောက်ခံကြောင်းတွေ ကို တောက်လျှောက် ဖော်ပြနေခဲ့တာပါ။
၂၀၂၆ မတ်လ ၁၁ ရက်နေ့မှာတော့ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ခိုင်လုံတဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
မဇ္ဈိမက ရရှိတဲ့ သတင်းတွေအရ သရုပ်ဆောင် မင်းအုပ်စိုးကို လက်နက်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ လင့် – https://shorturl.at/DSxA0
ဒီလို ဖမ်းခံရပြီးနောက်ပိုင်းမှာ သူအမြဲအသုံးပြုနေကျဖြစ်တဲ့ တစ်တော့အကောင့်မှာလည်း မတ်လ ၈ ရက်နေ့ နောက်ပိုင်း ဗီဒီယိုအသစ်တွေ ဖော်ပြထားတာ မရှိပါဘူး။ လင့် – https://shorturl.at/J79FH
လက်ရှိချိန်ထိ မင်းအုပ်စိုး ပြန်လည်လွတ်မြောက်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သတင်းဖော်ပြမှု မတွေ့ရပါဘူး။
ဒီအချက်တွေကို ကြည့်ရင် မင်းအုပ်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လို့ ဖမ်းဆီးခံရတာ မဟုတ်ဘဲ လက်နက်ကိုင်ဆောင်မှုနဲ့ မတ်လကတည်းက ဖမ်းဆီးခံနေရပြီးသား ဖြစ်နေတာပါ။
ဒါဟာ ဖြစ်စဉ်ဟောင်းကို အခြေခံပြီး အကြောင်းအရာ အမှားတွေနဲ့ အခုဖြစ်စဉ်လို ပုံဖော် ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။
မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေးစေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။